မြန်မာပြည် မြောက်ဘက်ခြမ်းတစ်ခုလုံး စစ်မြေပြင် ဖြစ်လာစရာ အကြောင်းရှိတဲ့အတွက် အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စလို့ ကျွန်တော်မြင်ပါတယ်

မြန်မာပြည် မြောက်ဘက်ခြမ်းတစ်ခုလုံး စစ်မြေပြင် ဖြစ်လာစရာ အကြောင်းရှိတဲ့အတွက် အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စလို့ ကျွန်တော်မြင်ပါတယ်

ရန်ကုန်၊အောက်တိုဘာ ၂၇ ။         ။ မိုင်းလားဒေသမှာ ဝင်ရောက်တပ်စွဲထားတဲ့ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) တွေကို အောက် တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ တပ်မတော်ဘက်က သတိပေးထားပေမယ့် လက်ရှိအချိန် ထိ ဆုတ်ခွာပေးခြင်း မရှိသေးသလို တပ်မတော်နဲ့ "ဝ" တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး (UWSA) တည်ထောင်စဉ်က ဗဟိုကော်မတီဝင် တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ မိုင်းလားအဖွဲ့ရဲ့ နိုင်ငံရေးလေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်ကို မဇ္ဈိမ သတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ တပ်မတော်က အောက်တိုဘာ ၂၄ ရက်နေ့နောက်ဆုံးထားပြီးဆုတ်ခွာပေးဖို့ပြောပေမယ့် UWSA က အခုချိန်ထိ ဆုတ်ခွာတာမရှိသေးဘူးဆိုတော့ ရှေ့ဆက်ပြီး             ဘာဆက်ဖြစ်လာနိုင်မလဲ။

ဖြေ ။    ။ UWSA ဘက်ကတော့ ထုတ်ပြန်ကြေညာထားတာရှိတယ်လေ။ သူတို့ဘက်ကတော့ တိုက်ခိုက်တာ စမလုပ်တဲ့ သဘောလေ။ ဒါပေမယ့် သူတို့ကို တိုက်ခိုက်လာရင်တော့ ပြန်ပြီးတော့ တိုက်ခိုက်မယ်ဆိုတဲ့ သ ဘောတော့ ပါမှာပေါ့နော်။ နောက်တစ်ခုက သူတို့နဲ့ မိုင်းလားနဲ့ဖြစ်တဲ့ ကိစ္စဟာ သူတို့ ညီနောင်အဖွဲ့အစည်း ကြားထဲမှာ ဖြစ်တဲ့ပြဿနာဖြစ်ပြီး သူတို့ချင်း ပြေလည်အောင်ဖြေရှင်းမယ်လို့ ပြောပါတယ်။ အဲဒီလို ပြောထားတဲ့ အခြေအနေအောက်မှာ ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့ ကိစ္စကတော့ သူတို့အချင်းချင်းကတော့ အချိန်ယူပြီးတော့ ဖြေရှင်းပါမယ်။ ဒါပေမယ့် တပ်မတော်က ၂၄ ရက်နေ့မှ မိုင်းလားကနေ "ဝ" တပ်ဖွဲ့တွေ ရုပ်သိမ်းမပေးလို့ရှိရင် စစ်ရေးအရ အရေးယူမယ်လို့ ရာဇသံပေးထားတဲ့ အခါကျတော့ အဲဒီကိစ္စကတော့ တပ်မတော်ဘက်က ဆုံးဖြတ် တဲ့ အပေါ်မှာ မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ အချိန်မပေးတော့ဘဲ စစ်ရေးအရ ထိုးစစ်တွေဘာ တွေ ဆင်နွှဲလာမယ်ဆိုရင် အဲဒီဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ အချိန်ပေး မယ် ဆိုရင်တော့ သူတို့ညီနောင်အဖွဲ့ချင်း တစ်ဦးချင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး သူတို့အချင်းချင်း ညှိနှိုင်း ဖြေရှင်းသွားနိုင်မယ်လို့ ယူဆပါတယ်။

 မေး။ ။ UWSA ဘက်က စစ်ပွဲတွေကို အလွယ်တကူစမှာ မဟုတ်ဘူးဆိုပေမယ့် တပ်မတော်နဲ့ စစ်ရေးတင်းမာမှု တွေဖြစ်လာပြီး တိုက်ပွဲတွေဖြစ်လာခဲ့ရင် အခြေအနေက ဘာဆက်ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ အဲ့ဒီလို တိုက်ပွဲတွေဖြစ်လာမယ်ဆိုရင်တော့ ခြုံငုံပြီးတော့ ပြောရရင် မဲခေါင်မြစ်ဝှမ်းကနေ ရွှေလီချိုင့်ဝှမ်း နားအထိ စစ်ရေးအရ တိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေ အနံှအပြား ဖြစ်လာစရာ အကြောင်းရှိပါတယ်။ မိုင်းလားဒေ သဆိုတာက မဲခေါင်မြစ်ဝှမ်းဒေသနဲ့ ဆိုင်တဲ့နေရာပေါ့ဗျာ။ အဲ့ဒီနောက် "ဝ" ပြည်မှာ ဆိုရင်လည်း ပန်ဆန်းတို့ အဲဒီနေရာတွေကလည်း အပြင်းအထန် တိုက်ရမယ့် နေရာမျိုးတွေက လေးငါး နေရာလောက်ရှိတယ်ခင်ဗျ။ အဲဒီလိုဖြစ်လာရင် တစ်ဖက်ကလည်း ကျွန်တော်တို့ ကိုးကန့်က လှုပ်ရှားနေတဲ့ အင်အားစု တစ်ချို့ကလည်း ထပ်ပြီးတော့ တပ်မတော်နဲ့ စစ်ပွဲတွေထပ်ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိပါတယ်။ ဒီစစ်ပွဲတွေဟာ မဲခေါင်မြစ် ဝှမ်းကနေ ရွှေလီချိုင့်ဝှမ်းအထိ ပြန့်နံှ့သွားနိုင်တယ်လို့ ယူဆပါတယ်။ ရွှေလီချိုင့်ဝှမ်းရဲ့မြောက်ဘက်မှာ တပ်မ တော်နဲ့ ကေအိုင်အေအဖွဲ့တွေရဲ့ ရင်ဆိုင်မှုတွေက ရှိနေတယ်ဆိုတော့ မြန်မာပြည် မြောက်ဘက်ခြမ်းတစ်ခုလုံး ဟာ စစ်မြေပြင်ဖြစ်လာစရာ အကြောင်းရှိတဲ့အတွက် အလွန်အန္တရာယ်ကြီးတဲ့ကိစ္စလို့ ကျွန်တော်မြင်ပါတယ်။

မေး။     ။ ဒီကိစ္စဟာ မိုင်းလားနဲ့ "ဝ" ရဲ့ ကြားက ပြဿနာလို့ ထုတ်ပြောထားတာရှိတယ်ဆိုတော့ အစိုးရအနေ နဲ့ ဘယ်လိုအခန်းကဏ္ဍာက ဝင်ပါသင့်လဲ။

ဖြေ။     ။ အမှန်က ကျွန်တော်တို့အမြင်အရ ပြောမယ်ဆိုရင် ဒါက သူတို့ ညီနောင်တပ်ဖွဲ့ချင်းဖြစ်တဲ့ ပြဿနာ နောက်ပြီး ဒီညီနောင်တပ်ဖွဲ့ နှစ်ခုလုံးကလည်း ပင်လုံညီလာခံနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့အဖွဲ့အ စည်း တွေဖြစ်တာကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မရှင်လို အဖွဲ့အစည်းကနေပြီး တော့ ဒီကိစ္စတွေကို ညှိနှိုင်းဖြေရှင်းပေးရင် အဆင်ပြေနိုင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တပ်မတော်က ဘာ ကြောင့် ဒီကိစ္စမှာ ပါဝင်လာလည်းတော့ နားမလည်နိုင်ဘူးခင်ဗျ။ တကယ်ကတော့ တပ်မတော်အနေနဲ့ ဒီကိစ္စမှာ မပါဝင်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ကာလဟာ ပြဿနာတွေရှိလာရင် နိုင်ငံရေးအရဖြေရှင်းဖို့ကြိုးပမ်း နေတဲ့အချိန်မှာ စစ်ရေးအရ ဖြေရှင်းရင် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးရုံတင် မကဘူး မြန်မာပြည်မြောက်ပိုင်း တစ်ခု လုံး စစ်မြေပြင်ဖြစ်သွားနိုင်တဲ့အလားအလာတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အောက်က ဖြေရှင်းသွားရင် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

မေး။     ။ စစ်ပွဲတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းက တွေ့ဆုံညှိနှိုင်းရေးနည်းလမ်းက အကောင်းဆုံး လို့ ပြောချင်တာလား။

ဖြေ။     ။ ဟုတ်ကဲ့၊ တွေ့ဆုံညှိနှိုင်းရေး ကိစ္စကလည်း ကျွန်တော်တို့ တပ်မတော်နဲ့ အဲဒီတပ်တွေ တွေ့ဆုံ ညှိနှိုင်းတာတွေ မလိုဘူးလို့ထင်တယ်။ လိုအပ်တာက ဒီအဖွဲ့တွေအားလုံးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အောက်မှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ဒီကော်မရှင်ရဲ့ဦးဆောင်မှုအောက်မှာ ဆွေးနွေးညှိနှိုင်းဖြေရှင်းရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်။ စစ်ရေးတင်းမာမှုတွေလည်း လျော့ကျသွားလိမ့်မယ်လို့ ယူဆပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly