နိုင်ငံတွင် အထွေထွေ သပိတ်မှောက်ရေး ဗင်နီဇွဲလားအတိုက်အခံ အုပ်စု တောင်းဆို

နိုင်ငံတွင် အထွေထွေ သပိတ်မှောက်ရေး ဗင်နီဇွဲလားအတိုက်အခံ အုပ်စု တောင်းဆို
ဓာတ်ပုံ-EFE EPA

အောက်တိုဘာ ၂၇ ။            ။ ယခုသီတင်းပတ်ကုန်တွင် နိုင်ငံ၌ ၁၂ နာရီကြာ အထွေထွေသပိတ်တစ်ရပ် မှောက်ရေး ဗင်နီဇွဲလားအတိုက်အခံအုပ်စုဖြစ်သည့် MUD ညွန့်ပေါင်းအဖွဲ့က   တောင်းဆိုပြောကြားထားသည်။ အလားတူ လာမည့် နိုဝင်ဘာလ ၃ ရက်၌လည်း သမ္မတ အိမ်တော်ရှေ့တွင်သွားရောက်ကန့်ကွက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်သွားမည်ဟု ယင်းအဖွဲ့၏ အမှုဆောင်အတွင်းရေးမှူးက ပြောသည်။

အထွေထွေသပိတ်ကို လာမည့် သောကြာနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဂျီးဆက် တော်ရီယယ်လ်ဘာက ပြောသည်။

အောက်တိုဘာလ ၂၆ ရက်က ကာရာကက်စ်မြို့ လမ်းများပေါ်သို့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ စုရုံးပွဲအခမ်းအနားအပြီးတွင် MUD ခေါင်းဆောင်များက ၎င်းတို့အနေဖြင့် သမ္မတ အိမ်တော်အထိ ချီတက်မည်ဖြစ်ကြောင်းနှင့်  ရာထူးသက်တမ်းဆွဲဆန့်ရန် ကြံစည်နေသော သမ္မတ မာဒူရိုကို ကန့်ကွက်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

နိုင်ငံသားများ၏ မဲပေးပိုင်ခွင့် ချိုးဖောက်ခံရမှုကို ကန့်ကွက်ဆန့်ကျင်လိုသည့်အနေဖြင့် အထွေထွေသပိတ်ကို ပြုလုပ်မည်ဖြစ်ကြောင်း တော်ရီယယ်လ်ဘာက ပြောသည်။ လက်ရှိလက်ဝဲယိမ်းသမ္မတကို မဲခွဲဖြုတ်ချရန် အတိုက်ခံအုပ်စု၏ လှုပ်ရှားမှုကို ရပ်ဆိုင်းထားရန် ရွေးကောက်ပွဲအာဏာပိုင်များက ဆုံးဖြတ်ထားခဲ့မှုကို ရည်ညွန်းပြောဆိုသွားခြင်းဖြစ်သည်။

ယင်း သပိတ်မှောက်မှုတွင် ပါဝင်ကြရန် နိုင်ငံသားအားလုံး လမ်းပေါ်ထွက်လာရေး MUD အဖွဲ့က တောင်းဆိုထားပြီး တစ်ဘက်တွင်လည်း သမ္မတ မာဒူရိုက ယင်းအရေးတွင် စီးပွားရေးသမားများ၊ အလုပ်သမားများ ပါဝင်ခြင်းမပြုရေးတိုက်တွန်းထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required