ကိုလံဘီယာတွင် မြေပြိုမှုဖြစ်ပွားပြီး ခြောက်ဦး သေဆုံး

ကိုလံဘီယာတွင် မြေပြိုမှုဖြစ်ပွားပြီး ခြောက်ဦး သေဆုံး
Photo-EFE EPA

အောက်တိုဘာ ၂၇ ။                    ။ ကိုလံဘီယာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုတစ်ခုအတွင်း ယခုအချိန်ထိ သေဆုံးသူစာရင်းမှာ ခြောက်ဦးထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက   ပြောကြားသွားသည်။ Copacabana မြို့နယ်နမိတ်အတွင်းရှိ ကျောက်မိုင်းတွင်းတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းကြောင့်လည်း ယင်းမြေပြိုမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်   နိုင်ငံအနောက်မြောက်ပိုင်းရှိ အဝေးပြေးလမ်းမကြီးတစ်စိတ်တစ်ပိုင်း ဖုံးလွှမ်းခံလိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

" ကနဦး သိရသလောက်က သေဆုံးသူ ခြောက်ဦးထိ ရှိနေပါပြီ" ဟု သဘာဝဘေးကြိုတင်တားဆီးရေးနှင့် ကယ်ဆယ်ရေးဌာန အကြီးအကဲ မော်ရီစီယို ပါရိုဒီက ပြောသည်။

ကျောက်မိုင်းတွင်းပေါက်ကွဲပြီး မြေပြိုမှုကြောင့် လေးဦး ထိခိုက်ဒဏ်ရာရသွားကြောင်းနှင့် ဆယ်ဦးထက်မနည်း ပျောက်ဆုံးနေလျက်ရှိကြောင်း သိရသည်။ ပျောက်ဆုံးနေသူများမှာ ကျောက်မိုင်းတွင်းရှိ ကွန်တိန်နာတစ်လုံးအတွင်း၌ ပိတ်မိနေဖွယ်ရှိကြောင်း ပါရိုဒီက ပြောသည်။

အဝေးပြေးလမ်းမဘေးရှိ တောင်နံရံမှ မြေသာများ ပြိုဆင်းလာခဲ့ကာ လမ်းမပေါ်သို့ ဖုံးလွှမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် မျက်မြင်တွေ့ရှိသူအချို့၏ အဆိုအရ မော်တော်ဆိုင်ကယ်နှစ်စီး၊ ထရပ်ကားတစ်စီးနှင့် အခြားယာဉ်ငယ်နှစ်စီး မြေဖုံးလွှမ်းခံလိုက်ရသည်ဟု သိရသည်။

နောက်ဆုံးရရှိထားသော သီတင်းများအရ စုစုပေါင်း လူ ၁၂ ဦးထိ ယင်းဖြစ်စဉ်တွင် ပိတ်မိနေဆဲဖြစ်ကြောင်းနှင့် ၎င်းတို့မှာ မိုင်းလုပ်သားခြောက်ဦးနှင့် မော်တော်ဆိုင်ကယ်သမား ခြောက်ဦး တို့ဖြစ်ကြောင်း သိရသည်။

ယခုအခါ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများ၊ မီးသတ်သမားများ၊ ကြက်ခြေနီများ၊ ရဲနှင့် စစ်တပ်အပါအဝင် ဝိုင်းဝန်းရှာဖွေကယ်ဆယ်နေလျက်ရှိပြီး အပျက်အစီးများနှင့် မြေကြီးအောက်တွင် အသက်ရှင်ကျန်ရစ်နေသူများကို ရှာတွေ့နိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required