မြန်မာ ယူ-၁၈ အသင်းကို ကလပ်အသင်းများမှ ကစားသမားများဖြင့် အင်အား ဖြည့်တင်းမည်

မြန်မာ ယူ-၁၈ အသင်းကို ကလပ်အသင်းများမှ ကစားသမားများဖြင့် အင်အား ဖြည့်တင်းမည်
(ဓာတ်ပုံ - MFF)

လာမည့်နှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါ အသင်းအား ယခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို အခြေခံကာ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ မြန်မာ ယူ-၁၆ အသင်းအား အတွေ့အကြုံ ပိုမိုရရှိစေရန် ရည်ရွယ်ကာ ယူ-၁၈ လိဂ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စေလျှက်ရှိပြီး ပြိုင်ပွဲအပြီးတွင် ယူ-၁၈ အသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ နှင့် ယူ-၁၈ လူငယ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမား အချို့ကိုလည်း ထပ်မံပေါင်းထည့်မှာဖြစ်ပါတယ်။

ယူ-၁၆ အသင်း နည်းပြအဖွဲ့အနေနဲ့ အဆိုပါ လူငယ်လိဂ်ပြိုင်ပွဲ ၂ ခုမှ ကစားသမားများကို လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကလပ်အသင်း ၂၀ မှ ခြေစွမ်းကောင်းမွန်ပြီး အသက်မီတဲ့ ကစားသမား ၅၁ ဦးကို ပဏာမ ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ ၎င်းကစားသမားများကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်ထိ လေးရက်ကြာ ခြေစွမ်း စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ယူ-၁၈ အသင်းသို့ ရွေးချယ်သွားမှာဖြစ်ပါတယ်။

မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူကိုင်တွယ်မှာဖြစ်ပါတယ်။ ဦးညီညီလတ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာ ယူ-၂၀ အသင်းမှာ နည်းပြချုပ် ဂတ်ဇီဆီနှင့်အတွဲညီခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

ခြေစွမ်းစမ်းသပ် ရွေးချယ်မှုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဘေးရှိ မြက်ခင်းတုကွင်း (၂) တွင် အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်ထိ လေးရက်တိုင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required