နယ်စပ်လုံခြံုရေးနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနှင့် တရုတ်သံတမန်ဆွေးနွေး

နယ်စပ်လုံခြံုရေးနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနှင့် တရုတ်သံတမန်ဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၂၆ ။       ။ ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့ တရုတ်နိုင်ငံထိပ်တန်းသံတမန်တစ်ဦး ရောက်ရှိကာ နယ်စပ်လုံခြုံရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ ရောက်ရှိဆွေးနွေးခြင်းဖြစ်ကာ ဖေဖော်ဝါရီနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံသို့ ထိပ်တန်းအဆင့်မြင့်အရာရှိတစ်ဦး ပထမဆုံးအဖြစ် လာရောက်ခြင်းလည်းဖြစ်သည်။

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က အောက်တိုဘာ ၂၅ ရက်မှစကာ နှစ်ရက်တာခရီးစဉ် မြောက်ကိုရီးယားသို့ ရောက်ရှိခြင်းဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် ကော်မရှင်အစည်းအဝေးသို့ တက်ရောက်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်ဖက်စလုံးက နယ်စပ်ဥပဒေစိုးမိုးရေး၊ အခြေခံအဆောက်အအုံနှင့် အခြားကိစ္စရပ်များအပေါ် လေးနက်စွာ ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ရေကြီးမှုများတွင် တရုတ်၏ အကူအညီပေးခြင်းများအတွက် မြောက်ကိုရီးယားက ကျေးဇူးတင်ရှိကြောင်း ပြောသည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

“နှစ်ဖက်စလုံးက ပူးပေါင်းကော်မရှင်ဖွဲ့စည်းပြီး ဆက်သွယ်ရေးခိုင်မာအောင်၊ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပူးပေါင်းထိန်းသိမ်းသွားရေးတို့မှ သဘောတူညီခဲ့ကြတယ်။”ဟု အဆိုပါ
ထုတ်ပြန်ချက်တွင် ဖော်ပြသော်လည်း အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။

နယ်စပ်ရာဇဝတ်မှုများက  မြောက်ကိုရီးယားနှင့် တရုတ်နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် ကသိကအောက်ဖြစ်စေသည်။

ပြီးခဲ့သည့်နှစ်က အစားအစာနှင့် ငွေကြေးလိုက်လံရှာဖွေသည့် မြောက်ကိုရီးယားစစ်သားများက တရုတ်ရွာသားသုံးဦးအား ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required