ပရင့်စ်၏ Paisley Park နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်လိုက်တော့မည်

ပရင့်စ်၏ Paisley Park နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်လိုက်တော့မည်

နယူးယော့ခ် ၊ အောက်တိုဘာ ၂၆ ။            ။ ကွယ်လွန်သွားပြီဖြစ်သော အမေရိကန်အဆိုတော်ကြီး ပရင့်စ်၏ Paisley Park နေအိမ်ကို  ပြတိုက်အဖြစ် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မင်နက်ဆိုတာပြည်နယ်ရှိ ချန်ဟက်ဆန်မြို့ကောင်စီက ပရင့်စ်၏ နေအိမ်ကို ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်မည့် အစီစဉ်ကို ထောက်ခံခဲ့မှုကြောင့် အသံသွင်းစတူဒီယို ပါဝင်သော ယင်းအိမ်ကို အများပြည်သူများ လာရောက်လည်ပတ်နိုင်သော ပြတိုက်အဖြစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ပြတိုက်အဖြစ် ဖွင့်လှစ်ပေးခြင်းဟာ အများပြည်သူအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြို့တော်ဝန် Denny Laufenburger က  The Star Tribune သတင်းစာကို   ပြောကြားခဲ့သည်။

ချန်ဟက်ဆန်မြို့ကောင်စီနှင့် ယာယီ သဘောတူညီချက် အစိတ်အပိုင်းတစ်ရပ်အဖြစ် ယခုလအစောပိုင်းက Paisley Park ကို  အများပြည်သူများ လာရောက်လည်ပတ်နိုင်ရန် သုံးရက်ကြာ ဖွင့်လှစ်ပြသခဲ့သည်။

အောက်တိုဘာ ၂၈ရက်တွင် အများပြည်သူများ လည်ပတ်နိုင်ရန် တစ်ဖန် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလအထိ ကြိုတင် စာရင်းပေးသွင်းမှုများ ပြုလုပ်ထားကြောင်း ပြတိုက်၏ ဝက်ဆိုဘ်ဒ်တွင် ပြောကြားထားသည်။၂၀၁၇ ခုနှစ်အတွက် လာရောက်လည်ပတ်ခွင့် လက်မှတ်များကို လာမည့်လတွင် ရောင်းချပေးသွားမည်ဟု ခန့်မှန်းထားသည်။

ပရင့်စ်၏ ဂီတာ ၊ Purple Rain အမှတ်တံဆိပ် မော်တော်ဆိုင်ကယ် နှင့် ပရင့်စ်၏ အရိုးပြာတို့ကို ပြသထားသော အဆိုပါ ပြတိုက်သည် တစ်နှစ်လျှင် ပြည်သူ ၆၀၀ ၀၀၀ လာရောက် လည်ပတ်မည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags