ရုပ်ရှင်ကန်တော့ပွဲနေ့မှာ ဇာတ်ကားနာမည်ပြောင်းဖို့ အကြောင်းကြားခံရတဲ့ “အယူတော်မင်္ဂလာ”

ရုပ်ရှင်ကန်တော့ပွဲနေ့မှာ ဇာတ်ကားနာမည်ပြောင်းဖို့ အကြောင်းကြားခံရတဲ့ “အယူတော်မင်္ဂလာ”

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။                ။ အယူတော်မင်္ဂလာလို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲနှင့် ကန်တော့ပွဲ အခမ်းအနား ကျင်းပနေချိန်မှာ ရုပ်ရှင်ဇာတ်ကား နာမည်ပြောင်းပေးဖို့  ရုပ်ရှင်အစည်းအရုံးက ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က အဲဒီကန်တော့ပွဲ အခမ်းအနားမှာပဲ ပြောဆိုလိုက်ပါတယ်။

“ ကျွန်တော် အခုလိုပဲ စာနယ်ဇင်းတွေကို မိတ်ဆက်နေတုန်းမှာပဲ၊ ကျွန်တော်သိလိုက်ရတဲ့ သတင်းတစ်ခုအရ ခုနလေး တင်ကပဲ လက်ခံလိုက်ရတဲ့ ဖုန်းအရ အယူတော်မင်္ဂလာဆိုတဲ့ ကားနာမည်ကို   ပြောင်းချင်ပြောင်းရပါလိမ့်မယ်။ စာနယ်ဇင်းတွေနဲ့ မိတ်ဆက်ပေးပြီးမှာ တကယ်လို့ ဇာတ်ကားနာမည်ပြောင်းခဲ့မယ်ဆိုရင် နားလည်ပေးဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာ နိုဗယ်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီး ဖြစ်ပြီး အတိတ်နိမိတ်နဲ့ တဘောင်တွေကို ယုံကြည်တဲ့ စီးပွားရေးသမားတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ကြောင်းလည်း သိရပါတယ်။

“ကျွန်တော် ဒီကားကို အယူတော်မင်္ဂလာလို့ နာမည်ပေးထားတာကတော့ ကျွန်တော်တို့ ရာဇဝင်ထဲမှာ အယူတော်မင်္ဂလာ ဦးနိုးဆိုတာရှိတယ်လေ။ သူက အတိတ်နိမိတ်နဲ့ တဘောင်တွေကို ယုံကြည်လွန်းတယ်၊ သူ့လိုပဲ အတိတ်နိမိတ်နဲ့ တဘောင်တွေကို ယုံကြည်လွန်းတဲ့ စီးပွားရေးသမားတစ်ယောက်ကို ဝိုင်းပြီး ဒုက္ခပေးတဲ့ဇာတ်မျိုးပါ၊ ဘာကြောင့် နာမည် ပြောင်းခိုင်းတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း နားမလည်ပါဘူး” လို့ ညိုမင်းလွင်က ထပ်မံဖြေကြားခဲ့ပါတယ်။

အကယ်၍ ရုပ်ရှင်ဇာတ်ကား နာမည်ကို မဖြစ်မနေ ပြောင်းရမယ်ဆိုရင်တော့ ထုတ်လုပ်သူတွေကို ငဲ့ညာသောအားဖြင့် ပြောင်းပေးမှာ ဖြစ်ပေမယ့်လည်း ဘာသာရေး၊ နိုင်ငံရေးနှင့် ရိုင်းစိုင်းတိုက်ခိုက်တဲ့ စကားလုံးတွေ မပါတဲ့အတွက် နာမည်  ပြောင်းဖို့ အသိပေးတာနဲ့ ပတ်သက်လို့ နားမလည်ကြောင်းကိုလည်း ညိုမင်းလွင်က ဆိုပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ရန်အောင်၊ မြင့်မြတ်၊ ခင်လှိုင်၊ နန်းဆုဦးတို့အပြင် အခြားသော သရုပ်ဆောင်များဖြင့် နိုဝင်ဘာ ၂ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲနှင့် ကန်တော့ပွဲကိုတော့ အောက်တိုဘာ ၂၆ ရက်က ဗိုလ်ချုပ်အောင်ဆန်းလမ်းက Central ဟိုတယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required