မင်းကင်းတွင် အင်အား ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

မင်းကင်းတွင် အင်အား ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြင်းအား ရစ်(ခ်)တာစကေး (၅.ဝ)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီဌာနမှ သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၀၈) နာရီ (၅၁)မိနစ် (၅၉)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင် စခန်း၏ အနောက်မြောက်ဘက် (၁၁၅) မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.ဝ)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီဌာနမှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ အပျက်အစီးကတော့ လုံးဝမရှိပါဘူးဗျ " ဟု မင်းကင်းမြို့နယ် NLD ဥက္ကဌ ဦးဆောင်းဖေက ဆိုသည်။ မြေငလျင်လှုပ်ရှားမှုကို မုံရွာနှင့် မင်းကင်းမြို့များတွင် သတိပြုမိကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင်   ဖော်ပြပါရှိသည်။

သြဂုတ်လတွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၆.၈ အဆင့်ရှိ ငလျင်ကြောင့် မင်းကင်းမြို့ရှိ စေတီပုထိုး အချို့ထိခိုက်ခဲ့ပြီး အချို့စေတီများမှာ ပြင်ဆင်လျက်ရှိကြောင်း ဦးဆောင်းဖေက   ပြောသည်။

အဆိုပါ ငလျင်ကြောင့် ပုဂံဘုရား စုစုပေါင်း (၃၈၉)ဆူ ခန့်ကိုပြုပြင်ရန် အချိန် ငါးနှစ်ခန့် ယူရမည်ဟုခန့် မှန်းထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှသိရပြီး ယခု အောက်တိုဘာ ၂၆ရက်တွင် လှုပ် ခတ်ခဲ့သည့် ငလျင်ကြောင့် အထိအခိုက်မရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly