ဟီလာရီကလင်တန်၏ နိုင်ငံခြားရေးမူဝါဒက တတိယကမ္ဘာစစ်မီး မွှေးလိမ့်မည်ဟု ထရန့် သတိပေး

ဟီလာရီကလင်တန်၏ နိုင်ငံခြားရေးမူဝါဒက တတိယကမ္ဘာစစ်မီး မွှေးလိမ့်မည်ဟု ထရန့် သတိပေး

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂၆ ။                   ။ ဆီးရီးယားအရေးနှင့် ပတ်သက်သည့် ဟီလာရီကလင်တန်၏ နိုင်ငံခြားရေးမူဝါဒအစီအစဉ်က တတိယကမ္ဘာစစ်ကို မီးစပျိုးပေးလာလိမ့်မည်ဖြစ်ကြောင်း ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က သတိပေးပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားအရေးတွင် သမ္မတဖြစ်သူ ဘာရှာအာဆတ် ပြုတ်ကျရေးအတွက် အာရုံစိုက်နေခြင်းထက် အိုင်အက်စ်အဖွဲ့အား ချေမှုန်းရေးအပေါ်မှာသာ ပစ်မှတ်ထားသင့်ကြောင်း ၎င်းကပြောသည်။

ဆီးရီးယားတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် ဟီလာရီကလင်တန်က အဆိုပြုလျက်ရှိရာ ယင်းကြောင့် ရုရှဂျက်လေယာဉ်များနှင့် ထိပ်တိုက်တွေ့လာနိုင်ကြောင်း တစ်ချို့က ဝေဖန်ထားသည်။

ဒေါ်နယ်ထရန့်က ၎င်း၏ သမ္မတလောင်းယှဉ်ပြိုင်ရာတွင် နောက်ကွယ်၌ စည်းရုံးညီညွတ်မှု မရှိဟုဆိုကာ ရီပတ်ဘရီကန်ပါတီကိုလည်း ထိုးနှက်ခဲ့သည်။

“ကျွန်တော်တို့သာ စည်းရုံးမယ်ဆို ဟီလာရီကလင်တန်ကို ခုရွေးကောက်ပွဲမှာ ကျွန်တော်တို့ ရှုံးစရာမရှိဘူး။”ဟု ထရန့်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

ဆီးရီးယားဝေဟင်ကို ထိန်းချုပ်မည့် ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဖက်ဖြစ်သူ ဟီလာရီကလင်တန်၏ မူဝါဒကို ပျက်စီးကိန်းဆိုက်တော့မည့်သဘော ထရန့်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ဟီလာရီစကားသာ ကျွန်တော်တို့ နားထောင်ရင် ဆီးရီးယားမှာ တတိယကမ္ဘာစစ်နဲ့ အဆုံးသတ်ရလိမ့်မှာဖြစ်တယ်။”ဟု ထရန့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required