အိမ်ထောင်စုစာရင်း မိတ်ဖက်

အိမ်ထောင်စုစာရင်း မိတ်ဖက်

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်း အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ တစ်ညမှာ မောင်မှန် ရုပ်မြင်သံကြား စောင့်ကြည့်ဖြစ်ပါတယ်။ စောင့်ကြည်တယ်ဆိုတာ မုန်တိုင်းသတင်းပေါ့။ ဘယ်လို ဝင်ရောက် တိုက်ခိုက်မယ်၊ ဘာတွေ ကြိုတင်ပြင်ဆင်သင့်တယ်ဆိုတာတွေ လွှင့်ထုတ်ပေးမှာကို။ မျှော်လင့်ထားတဲ့အတိုင်း mrtv က မုန်တိုင်းမဝင်ခင် ကြိုတင်ပြင်ဆင်ထားသင့်သော အရာများဆိုပြီး လွှင့်လာပါတယ်။ ကျေးလက်ဒေသ တကယ့် ကျေးတောသူ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ခံစကားပြောလေးနဲ့ပါ။ အမျိုးသမီးက သူ့ဘဝအကြောင်းကို အရိုးခံအတိုင်း ပြောရင်းနဲ့ သူတို့ဒေသမှာ TV တွေ သတင်းစာတွေ မရောက်ဘဲ မုန်တိုင်းသတင်းထူးရင် ရွာလူကြီးက စပီကာနဲ့ အော်ပေးကြောင်း ပြောပါတယ်။ အမျိုးသမီးနဲ့ ကျေးလက်ရှုခင်းတွေကိုလည်း ရိုက်ပြပါတယ်။ ဒါက အပျိုးပေါ့။ မောင်မှန်စိတ်ထဲ တင်ပြပုံလေး ကောင်းသားပဲဆို ချီးကျူးမိပါတယ်။

 TV ထဲက အမျိုးသမီးက ပြောပါတယ်။ မုန်တိုင်းဝင်တော့မယ်လို့ သိရတာနဲ့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကို ရေမထိအောင် ပလပ်စတစ်အိပ်နဲ့ လုံလုံခြုံခြုံ သိမ်းထုတ်ပြီး(မြင်တဲ့နေရာ) ဘုရားစင်ပေါ် တင်ထားရမယ်တဲ့။ မုန်တိုင်းလွန်သွားခဲ့ရင်လည်း ဘယ်နေရာသွားသွား အဲဒီနှစ်ခု ယူသွားရမယ်တဲ့။ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကို သိမ်းထုတ်ပြီး ဘုရားစင်ပေါ်တင်တာ နှစ်ခါတောင် ပြန်ပြပါတယ်။ (နှစ်ထပ်ကြည့် မှတ်မိအောင် ထင်ပါရဲ့ခင်ဗျာ) အင် ဟုတ်ပေသားပဲ။ မှတ်ပုံတင်မရှိရင် မဖြစ်တဲ့၊ အိမ်ထောင်စုစာရင်း မရှိရင် မဖြစ်တဲ့ တိုင်းပြည်မှာ နေရတော့လည်း အရေးကြီးတာပါပဲပေါ့။ (ဧည့်စာရင်းမတိုင်ရင်တော့ ဖြစ်သွားပြီ) နောက် ဘာတွေများ ဆက်လာဦးမလဲ ကြည့်တော့ အစီအစဉ်က ပြီးသွားပါပြီ။ ဘာမှ ဆက်မပြော၊ ဆက်မလာတော့ပါဘူး။ သူပေးချင်တဲ့ Message က မုန်တိုင်းဝင်ခါနီးလျှင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မပျက်စီး၊ မပျောက်ဆုံးအောင် ထားပါ။ ဒါပါပဲ။ (ကျန်တဲ့ ပြင်ဆင်ရန်အပိုင်းတွေ ကျန်နေသေးတာ၊ လွှင့်ထုတ်ပြီးသွားတာလည်း ဖြစ်နိုင်ပါသေးတယ်။)

မုန်တိုင်းမဝင်ခင် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေကို ကြေညာတဲ့ တိုင်းပြည်တွေထဲမှာ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မပျက်စီး၊ မပျောက်ရှစေဖို့ ကြေညာပေးတာတော့ ဗမာပြည်တစ်ပြည်ထဲပဲ ရှိမယ်ထင်ပါတယ်။

ခုတော့ မုန်တိုင်းလည်း မဝင်တော့ပါဘူး။ မောင်မှန်တို့ ပြည်သူတွေ စိတ်အေးရပါပြီ။ ပြည်သူတွေတင်မက ကျန်တဲ့သူအချို့ပါ စိတ်အေးရမယ့် တစ်ကွက် ကာတွန်းလေးတစ်ပုဒ်ကိုလည်း မောင်မှန် ဖတ်ရတယ်ခင်ဗျ။ ၂၅-၁၀-၂၀၁၆ နေ့ထုတ် Daily Eleven သတင်းစာမှာ ပါတဲ့ ဆရာကာလူးရဲ့ ကာတွန်းပါ။ သွားချွန်ချွန်တွေ ပါးစပ်အပြင်ထွက်နေတဲ့ လည်ပင်းမှာ ကတ်ပြားတွေ ဆွဲထားတဲ့ လူတစ်စု ရေဒီယိုနားထောင်နေပုံပါ။ ရေဒီယိုကလာတဲ့အသံက "ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော လေပြေညင်းလေးသည် ယမန်နေ့ညက ခရိုနီဒေသကြီးအတွင်းသို့ အလွန်သာယာနွဲ့ပျောင်းစွာဖြင့် ဖြတ်သန်းကျော်ဖြတ်သွားပြီ ဖြစ်ကြောင်း မိုးလေဝသ အထူးသတင်း ထုတ်ပြန်ကြေညာသွားပါတယ်ရှင့်..... စိတ်မပူပန်ကြပါနဲ့....." တဲ့။

"အရင်တုန်းက လုပ်နေတဲ့ စီးပွားရေးသမားတွေအတွက် နေရာမှ ရပါမလားဆိုတဲ့ ပူပန်သောကတွေလည်း ရှိပါတယ်။ အားလုံးကို ကြိုဆိုပါတယ်။ ကျမတို့ရဲ့ နိုင်ငံရေး စီးပွားရေး အကူးအပြောင်းမှာ အားလုံးကို ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်စေချင်ပါတယ်။ အတိတ်ကို ပြန်ကြည့်တာ မဟုတ်ဘဲ အနာဂတ်ကို မျှော်တဲ့ မူဝါဒအမျိုးမျိုးနဲ့ ဆက်သွားချင်တာ ဖြစ်ပါတယ်။"

အထက်က စကားဟာ ၂၂-၁၀-၂၀၁၆ မှာ ပြလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာပြည်ရဲ့ ထိပ်တန်း ဂရိတ်ဝမ်း အကျော်ဒေးယျ သူဌေးကြီးတွေ   တွေ့ဆုံတဲ့ပွဲမှာ   ဒေါ်စုပြောခဲ့တာ ဖြစ်ပါတယ်။ သူဌေးပဂေးကြီးတွေ စိုးရိမ်သောကဗျာပါဒတွေများပြီး ညအခါ အိမ်မပျော်မှာစိုးရှာတဲ့အတွက် နှစ်သိမ့်အားပေးလိုက်တာပါ။ အားလုံးကို ကြိုဆိုပါတယ်။ ပူပန်သောက မရှိကြပါနဲ့ပေါ့။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ဆိုတဲ့ စကားလုံးအသစ်တစ်ခုကိုလည်း တွေ့ရပါတယ်။

ဟုတ်ပါပြီ။ မောင်မှန်က လူပြိန်းဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို ဘာမှ နားမလည်လှပါဘူး။ ဖွံ့ဖြိုးရေး မိတ်ဖက်ကြီးတွေကူမှ တိုင်းပြည် စည်ပင်သာယာ ဝပြောမယ်ဆိုလည်း လုပ်ပေါ့။ လုပ်ကြည့်ကြပါပေါ့။ မောင်မှန်တို့အဖို့ ဆန်ဈေး၊ ဆီဈေး နည်းနည်းလောက် ကျရင်ပဲ ဝမ်းသာရမှာပေါ့။ မောင်မှန်ကလည်း ဖွံ့ဖြိုးရေး မိတ်ဖက်များကို ကြိုဆိုကြောင်းပါခင်ဗျာ။

မကြိုဆိုနိုင်တာကတော့ အတိတ်မေ့ခိုင်းတာကိုပဲ။ ခဏခဏ အတိတ်မေ့ခိုင်းတယ်နော်။ ဘာဖြစ်လို့လဲ မသိဘူး။ ဖွံ့ဖြိုးရေး မိတ်ဖက်ကြီးတွေဟာ မနေ့တစ်နေ့ကအထိ ပြည်သူတွေကို ဘယ်လို ထိခိုက်စေခဲ့တယ်ဆိုတာ မောင်မှန်ဖြင့် မမေ့နိုင်သေးဘူး။ ပြည်သူအများလည်း ဒီလိုပဲ နေမှာပါ။ အတိတ်မေ့ဖို့ဆိုတာ လွယ်လွယ်လေးမှမဟုတ်တာ။ မနေ့တစ်နေ့က ကိစ္စတွေဆို ပိုဆိုးသေး။ နောက်ပြီးတော့ ကိုယ်ခံထားရတဲ့ ကိစ္စတွေဆို ပြောဖွယ်ရာ ဘယ်ရှိမလဲ။ ဗမာကားတွေထဲကလို ခေါင်းကို တစ်ခုခုနဲ့ ထိမိခိုက်မိပြီး အတိတ်မေ့သွားရင်လည်း အကာင်းသားပေါ့။ အတိတ်မမေ့နိုင်ဘူးဆိုတဲ့ ကိစ္စကို အငြိုးတွေ၊ အာဃာတတွေ၊ ရန်လိုမုန်းထားမှုဆိုတာမျိုးတွေနဲ့တော့ ရောမပစ်စေချင်ဘူး။ မောင်မှန်တို့က ဘယ်သူ့အပေါ်မှ ဒီစိတ်မျိုး မထားဘူး။ ထားလို့လည်း မရဘူး။ ဘာလို့ဆို ထားရင် ပိုခံရမှာမို့ .....ဟဲ.....ဟဲ။ အရင်ကလည်းခံ၊ အခုလည်းခံ၊ နောင်လည်းခံရမှာကို မြင်တဲ့အတွက် ထားကိုမထားဘူး။ ထားလို့လည်း မရဘူး။ ဒါပေမဲ့ သမိုင်းဆိုတာရှိတယ်။ မှတ်တမ်းဆိုတာ ရှိတယ်။ မဟာဗန္ဓုလကို မေ့ရမလား၊ ဗိုလ်အောင်ကျော်ကို မေ့ရမလာ၊ စစ်ကိုင်းကိုသိန်းဟန်(ချစ်တီး)ကို မေ့ရမလား၊ သခင်အောင်ဆန်းကို မေ့ရမလား၊ 7 July ကို မေ့ရမလား၊ သမိုင်း မသင်ရတော့ဘူးလား၊ ဒီသဘောပြောတာပါ။ မနေ့တုန်းက  ဓါးပြဟာ ဒီနေ့ လူကောင်းဖြစ်ပါပြီလို့ ဘယ်သူ အာမခံလို့ ရမှာလဲ။ အတိတ်ရဲ့ အကြောင်းခံကို ငဲ့ကြည့်ပြီးမှ အနာဂါတ်ကို မျှော်ကြည့် တည်ဆောက်ရမှာပါခင်ဗျာ။

ဒေါ်စု အဲဒီစကားပြောပြီး နောက်နေ့မှာ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသကဲ့သို့ ပထမ ခြောက်လအတွင်း မျှော်မှန်းသလောက် စီးပွားရေး တိုးတက်သည်မှာ မှန်သော်လည်း NLD အစိုးရနှင့် လုပ်ငန်းရှင်ကြီးများ လက်တွဲလုပ်ကိုင်ပါက လာမည့် ခြောက်လအတွင်း မြန်မာ့စီးပွားရေး နှစ်ဆ၊ သုံးဆ တက်သွားနိုင်တယ်လို့   ပြောခဲ့ပြန်ပါတယ်။ အလိုလေး...... အာမခံ ရဲချက်တော့ ကဲတက်နေတာပါ။

အဲဒီ ဖွံ့ဖြိုးရေး မိတ်ဖက်ကြီးတွေဆိုတာ အရင် အစိုးရ အစဉ်အဆက်ကတည်းက စီးပွားရေး လုပ်ခဲ့ကြတာပါ။ အတွဲကို တအားညီကြတာပါ။ ဒီကနေ့မှာ ဘယ်သူတွေ ချမ်းသာပြီး ဘယ်သူတွေ ဆင်းရဲနေတယ်ဆိုတာ မြင်တော်မူကြတဲ့အတိုင်းပါ။ ဟုတ်ကဲ့။ ဖွံ့ဖြိုးရေး မိတ်ဖက်ဆိုတာ အစိုးရနဲ့ လုပ်ငန်းရှင်ကြီးတွေတင်မက ပြည်သူပြည်သားတွေလည်း ပါနိုင်ကောင်းပါရဲ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required