ရခိုင်နယ်စပ်တွင် ပြည်သူ့စစ် ဖွဲ့စည်းရန် ရခိုင်မျိုးချစ်ပါတီ တောင်းဆို

ရခိုင်နယ်စပ်တွင် ပြည်သူ့စစ် ဖွဲ့စည်းရန် ရခိုင်မျိုးချစ်ပါတီ တောင်းဆို

စစ်တွေ၊ အောက်တိုဘာ ၂၅ ။           ။ လက်ရှိ ရင်ဆိုင်ကြုံတွေ့လျက်ရှိနေသည့် မောင်တောခရိုင်အတွင်းမှ ကျေးရွာသားများ၏ အသက်အိုးအိမ်စည်းစိမ်များ အမြဲတမ်း လုံခြုံစိတ်ချစွာ   နေထိုင်နိုင်ရေးအတွက် ဒေသခံတိုင်းရင်းသားများအား မိမိတို့ရပ်ကွက်၊ ကျေးရွာများကို ကာကွယ်နိုင်ရန်အတွက် ပြည်သူ့စစ်တပ်များဖွဲ့စည်းပေးရန် လိုအပ်ကြောင်း ရခိုင်မျိုးချစ်ပါတီ APP က ကြေညာချက်ထုတ် တောင်းဆို လိုက်သည်။

“ထွက်ပြေး တိမ်းရှောင်လာခဲ့တဲ့ ဒေသခံတွေကို အစိုးရက နေရပ်တွေပြန်ပို့နေတယ်။ ပြန်သွားဖို့ပြောတယ်။ ဒီလူတွေဟာ မိမိရွာမှာ မနေရဲလို့ လာခဲ့ကြတာပါ။ သူတို့ကို ရွာပြန်ခိုင်းရင် အဲဒီလူတွေရဲ့ လုံခြုံရေးကို အစိုးရအနေနဲ့ ပြည့်ပြည့်ဝဝ ပေး ဖို့ ရယ်။ စားရေးသောက်ရေး အတွက်ကိုလည်း ပြည့်ဝစွာ ထားရှိပေးဖို့အတွက် တိုက်တွန်းထားပါတယ်။ နောက်တစ်ခုက အဲဒီ လူတွေလုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့အတွက် ဒေသကို ကာကွယ်ပေးနိုင်ဖို့အတွက် ပြည်သူ့ စစ်တပ်ဖွဲ့တွေ ဖွဲ့ပေးဖို့ အတွက်ကို အဓိကထားပြီးတော့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ် ” ဟု ရခိုင်မျိုးချစ်ပါတီ APP ၏ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောသည်။

မောင်တောဒေသသည် စိတ်ဓာတ်ရေးရာလုံခြုံမှု၊ လူမှုဘဝလုံခြုံမှု မရှိသည့်အပြင် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့  တာဝန် ထမ်းဆောင်နေရသည့် ကျေးရွာရပ်ကွက်များတွင်   နေထိုင်နေရမှုအခြေအနေများ၊ သွားလာမှု အခြေအနေများ အတွက်လည်း စိုးရိမ်မိကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့်   စစ်ဆင်ရေးနယ်မြေအဖြစ်   ဆောင်ရွက်နေသည့် ရခိုင်နယ်စပ် မောင်တောခရိုင်တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများမှ ၎င်းတို့ကို ပြည်သူ့စစ်ပုံစံဖြင့် လက်နက် တပ်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချူပ် မြင့်နွယ်က အောက်တိုဘာ ၁၇ ရက် နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required