အစိမ်းရောင်ရွှေ (သို့မဟုတ်) ဝါးစိုက်ပျိုးရေး (အပိုင်း ၁)

25 October 2016
အစိမ်းရောင်ရွှေ (သို့မဟုတ်) ဝါးစိုက်ပျိုးရေး (အပိုင်း ၁)

ဝါးပင်ဟာ မြန်မာနိုင်ငံ ကျေးလက်ပြည်သူတွေရဲ့ အဓိကထား အသုံးပြုနေရတဲ့ အပင်တစ်မျိုးပါ။ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးမှာ မပါမဖြစ်လို့တောင် တင်စားနိုင်ပါတယ်။

ဝါးပင်လို့ဆိုရင် သဘာဝအလျောက် ပေါက်နေတဲ့ ဝါးရုံတောတွေ ဝါးပင်တွေကို ပြေးမြင်ကြမှာပါ။ ဝါးပင်က မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများမှာ ပေါက်ရောက်လေ့ရှိပြီး ပေါပေါများများ ရရှိနေတဲ့ သဘာဝ ထွက်ကုန်တစ်မျိုးပါ။ ဒီလိုသိထားတဲ့ ဝါးပင်ဟာ ခုဆိုရင်တော့ လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရင်း ဖြည့်ဆည်းရင်း တဖြည်းဖြည်း ရှားပါးလာပါတယ်။

ဝါးပင်ဟာ အောက်ဆီဂျင် ထုတ်လုပ်အား ကောင်းတဲ့အပြင် မြေဆီလွှာ ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးပါတယ်။ လူတို့ စားသောက်ဖို့အတွက် အဟာရဓာတ် ကြွယ်ဝတဲ့ မျှစ်ကိုလည်း ပေးပါတယ်။ မျှစ်ကို တာရှည်ခံအောင်တော့ ဆားရည်စိမ်ထားတဲ့ မျှစ်၊ အချဉ်ထည့်ထားတဲ့ မျှစ်၊ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ပါသေးတယ်။ လူတို့ နေထိုင်ရေးအတွက် အဆောက်အဦးတွေ ပရိဘောဂတွေ၊ စက္ကူတွေ အဝတ်အထည် စတဲ့ လူသုံးကုန်ပစ္စည်း အမျိုးမျိုးတို့ကို ဝါးပင်ကနေပဲ ထုတ်လုပ်နိုင်ပါသေးတယ်။ ဝါးပင်ကရတဲ့ မျှစ်ကို စားပါတယ်။ ဝါးပင်ကိုတော့ နေစရာအိမ် အသုံးပြုစရာ ကုလားထိုင်တွေအပြင် ဝင်ငွေရရှိဖို့အတွက် နှီးဖျာ ယက်လုပ်ကြပါတယ်။

ဝါးကို နယ်ဒေသတွေမှာ မိရိုးဖလာ အသုံးပြုကြတဲ့သူတွေ ရှိသလို မြို့ပြနဲ့ နီးစပ်သူတွေကတော့ တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ ခေတ်သစ်နည်းပညာတွေနဲ့ ပြင်ဆင်လာကြပါတယ်။ ဒါကြောင့် သဘာဝကနေပေးနေတဲ့ ဝါးကို စီးပွားဖြစ် စိုက်ပျိုးတဲ့ ဝါးခြံတစ်ချို့ ရှိလာပါပြီ။ ဒါ့အပြင် စိုက်ပျိုးတဲ့နေရာမှာ အကြီးမြန်တဲ့ ဝါးဟာ စိုက်ပျိုးရေးမှာ နေရာတစ်ခု ယူလာပါတော့တယ်။

ဝါးပင်ဟာ ရေညှိ၊ ရေမှော်ပင်တွေက အစပြုပြီးတော့ တဖြည်းဖြည်း ကြီးထားလာပြီး မြတ်ပင်ကနေ ဝါးပင်အဆင့်ကို ပြောင်းလဲရောက်ရှိလာတာပါ။ ဒါကြောင့် ဝါးပင်ဟာ နှစ်ရှည်ခံ မြက်ကြီးပင် ဖြစ်ပါတယ်။ စိုစွပ်တဲ့ မုတ်သုန်တောတွေမှာ အလွန်သန်စွမ်းပြီး သမပိုင်း ရာသီဥတုမှာတော့ အသင့်အတင့် ဖြစ်ထွန်းပါတယ်။ ခြောက်သွေ့တဲ့ ပူပိုင်းဒေသတွေမှာဆိုရင်တော့ အပင်ပုတွေအဖြစ်နဲ့ ပေါက်ရောက်လေ့ရှိပါတယ်။

ကမ္ဘာပေါ်မှာ ပေါက်လေ့ရှိတဲ့ ဝါးအမျိုးအစားတွေကတော့ တစ်ပင်ချင်းပေါက်တဲ့ ဝါးမျိုး အစုလိုက်ပေါက်တဲ့ ဝါးမျိုးနဲ့ နောက်တစ်မျိုးကတော့ အဲဒီအုပ်စု နှစ်စု ရောပြီးပေါက်တဲ့ ဝါးမျိုးဆိုပြီး တွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဝါးမျိုးစု ၂၂ မျိုးနဲ့ မျိုးစေ့ပေါင်း ၁၂၀ ခန့်ရှိပြီး သဘာဝအလျှောက် နေရာအနှံ့အပြားမှာ ပေါက်ရောက်တယ်လို့ သိရပါတယ်။

ဝါးပင်ကို ယေဘုယျအားဖြင့် ခွဲခြားကြည့်မယ်ဆိုရင်တော့ အပူနဲ့ အအေးဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါကြောင့် ဝါးစိုက်ပျိုးမယ့် ဒေသရဲ့ အပူချိန် မိုးရေချိန်တွေနဲ့ ချိန်ပြီးတော့ ဝါးကို စိုက်ပျိုးသင့်ပါတယ်။ ဝါးပင် စိုက်ပျိုးမယ်ဆိုရင် ဝါးပင်ကို အစေ့ကနေ စိုက်ပျိုးနိုင်သလို ဝါးမြစ်ဆုံ၊ ဝါးကိုင်းတက်၊ ဝါးဆစ်ကနေပြီးတော့လည်း မျိုးပွားနိုင်ပါတယ်။ ဝါးကိုင်းကို မြေထုတ်စီးပြီးတော့လည်း မျိုးပွားနိုင်တယ်လို့လည်း သိရပါတယ်။

ဝါးပင်ကို အစေ့ကနေ စိုက်ပျိုးပြီး မျိုးပွားတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပေမယ့် ဝါးစေ့ကို ရရှိဖို့ကတော့ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝါးပင်က နှစ်ပေါင်း ၂၀ ကနေ ၆၀ အတွင်းမှာ တစ်ကြိမ်သာ အသီးသီးပြီး သေဆုံးသွားလို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required