ပရီမီးယားလိဂ်တွင် အာဆင်နယ်ဗိုလ်စွဲရန် အခြေအနေကောင်းဟု နည်းပြဝင်းဂါးပြော

ပရီမီးယားလိဂ်တွင် အာဆင်နယ်ဗိုလ်စွဲရန် အခြေအနေကောင်းဟု နည်းပြဝင်းဂါးပြော

အောက်တိုဘာ ၂၅၊ လန်ဒန်။                        ။ ၂၀၀၄ တွင် ရှုံးပွဲမရှိ ဗိုလ်စွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်ရာသီ၌ ပရီးမီးယားလိဂ် ဖလားပြန်ရရန် အာဆင်နယ်အသင်းတွင် အခွင့်ရေးကောင်းတစ်ခုရှိနေပြီဟု နည်းပြအာစင်ဝင်းဂါးက ပြောသည်။

အသင်း၏ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးတွင် အသက် ၆၇ နှစ်အရွယ် အာစင်ဝင်းဂါးက ယခုနှစ်၌ ရမှတ် ၈၂ မှတ် သို့မဟုတ် ၈၆ မှတ်ရရှိလျှင် ဗိုလ်စွဲနိုင်ကြောင်း ပြောသည်။

“ဒီနေ့အခြေအနေမှာ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်ကထက်ပိုပြီး အခြေအနေကောင်းတဲ့ အဆင့်ကို ရောက်နေပါ တယ်။

ကျွန်တော်တို့ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ နိုင်လိုစိတ်ပြင်းပြတဲ့ အသင်းတစ်သင်းကိုပိုင်ဆိုင်ထားပြီလို့ ယုံကြည်ပါတယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းသည် ကိုးပွဲကစားပြီးချိန်တွင် အမှတ် ၂၀ ရထားသည့် အသင်းသုံးသင်းအနက်တစ်သင်းအပါအဝင်ဖြစ်ပြီး ဂိုးကွာခြားချက်ကြောင့်သာ အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။

လက်ကျန် ၂၉ ပွဲမှ ၆၂ မှတ်ရလျှင် ချန်ပီယံဆုအတွက် လုံလောက်သည်ဟု ယူဆကြောင်း အာစင်ဝင်းဂါးက ပြောသည်။ လက်စတာအသင်းသည် ပြီးခဲ့သည့်ရာသီက ၈၁ မှတ်ဖြင့် ဗိုလ်စွဲခဲ့သည်။

အာစင်ဝင်းဂါးသည် အောက်တိုဘာ အစောပိုင်းက အာဆင်နယ်နည်းပြဘဝ အနှစ် ၂၀ ပြည့်ခဲ့ပြီး ရာသီကုန်တွင် လက်ရှိစာချုပ် သက်တမ်းကုန်မည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required