ကြားဖြတ်ရွေးကောက်ပွဲတွင် အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲစာရင်းကောက်ယူမည်

ကြားဖြတ်ရွေးကောက်ပွဲတွင် အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲစာရင်းကောက်ယူမည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(အောက်တိုဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၊ မျှတပြီး ပွင့်လင်းမြင်သာမှုရှိရှိ ကျင်းပသွားမည်ဖြစ်သလို မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက်(Door to Door) စနစ်ဖြင့် စာရင်းကောက်ယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကေ်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောကြားလိုက်သည်။

“သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ Door to Door စနစ်နဲ့ကောက်ခံသွားဖို့ အစီအစဉ်လုပ်ထားပါတယ်။ မြေပြင်မှာ Door to Door မဆင်းရင် မဲစာရင်းတွေ အမှားအယွင်းရှိလာနိုင်တယ်” ဟု ဦးလှသိန်းက ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၄ရက်က နိုင်ငံရေးပါတီများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဌ ဦးလှသိန်းက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်ပူးပေါင်းပြီး မဲစာရင်းမှန်ကန်မှုရှိစေရန် လာမည့် နိုဝင်ဘာလအတွင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူမည်ဟု ဦးလှသိန်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ကိုယ်စားလှယ်နေရာ ၁၈နေရာအတွက် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပြီးဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှ ပြည်နယ်အမတ် ကွယ်လွန်သွားသည့်အတွက် စုစုပေါင်း ၁၉နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် တံဆိပ်တုံးထုပြီး မဲပေးသည့်စနစ်ဖြင့်သာ ကျင်းပသွားမည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု အသီးသီးပြောဆိုထားသည်။

အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီပေါင်း ၈၈ခုအား ကော်မရှင်က ဖိတ်ကြားခဲ့သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly