တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ သွားရောက်

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ သွားရောက်

ပြုံယမ်း၊ အောက်တိုဘာ ၂၄ ။             ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Liu Zhenmin သည် အောက်တိုဘာ ၂၄ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်သို့ ရောက်ရှိကြောင်း ဂျပန် ကျိုတိုသတင်းဌာနက ဖော်ပြသည်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ ယခု ခရီးစဉ်သည် ဖေဖော်ဝါရီနောက်ပိုင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦး မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးရောက်ရှိခြင်းလည်းဖြစ်သည်။

စက်တင်ဘာလအတွင်း မြောက်ကိုရီးယားနိုင်ငံက ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်ခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိုမိုပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရာတွင် တရုတ်နိုင်ငံက သဘောတူရန် အမေရိကန်နှင့် မဟာမိတ်တို့က တိုက်တွန်းထားစဉ် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ မြောက်ကိုရီးယားသွားရောက်သည့် သတင်းက ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အဓိကမဟာမိတ်ဖြစ်သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဖျက်အားပြင်းဒုံးကျည်များ စမ်းသပ်မှုကြောင့် တရုတ်က အမျက်ထွက်ခဲ့ရသည်။

ယခုကဲ့သို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ သွားရောက်ခြင်း ပတ်သက်၍ မေးမြန်းရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလော မဖြေဆိုနိုင်သေးကြောင်း တုံ့ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required