မောင်တောမြို့နယ် တောင်ပိုင်းဒေသမှ နေရပ်စွန့်ခွာလာသူများ အိမ်ပြန်နိုင်သော်လည်း မြောက်ပိုင်းဒေသခံများ ပြန်နိုင်ရန် ခက်ခဲနေဆဲ

မောင်တောမြို့နယ် တောင်ပိုင်းဒေသမှ နေရပ်စွန့်ခွာလာသူများ အိမ်ပြန်နိုင်သော်လည်း မြောက်ပိုင်းဒေသခံများ ပြန်နိုင်ရန် ခက်ခဲနေဆဲ
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ အောက်တိုဘာ ၂၄ ရက်။        ။ အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်ကြောင့် ကြောက်ရွံ့ကာ နေရပ်စွန့်ခွာလာခဲ့ကြသူများမှ စစ်တွေမြို့သို့ရောက်ရှိနေကြသူ အချို့တွင် ယနေ့နံနက်ပိုင်းက အိမ်ထောင်စု ၁၄ စုမှာ နေရပ်ရင်းသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ပြန်သွားကြသူများသည် မောင်တောမြို့နယ် တောင်ပိုင်းဒေသများတွင် နေထိုင်သူများဖြစ်ကာ မြောက်ပိုင်းဒေသ ကျေးရွာများတွင် နေထိုင်သူများမှာ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်သည်။

“ အဘတို့နေတဲ့ရွာအနီးဝန်းကျင်မှာက ဘင်္ဂလီကျေးရွာတွေချည်းပါပဲ။ ရွာကပြေးလာတော့ မောင်တောမှာလဲ မနေရဲတော့ ဒီကိုပဲ လာခဲ့တာ။ ဘယ်နေ့ပြန်နိုင်မယ်ဆိုတာတော့ မသိဘူး။ အဲဒီမှာ ဘာဖြစ်နေသေးလဲ၊ အခြေအနေ ဘယ်လိုရှိနေလဲဆိုတာလဲ မသိဘူး။” ဟု စစ်တွေမြို့ ဓညဝတီ ယာယီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည့် အသက် ၉၃ နှစ်အရွယ် အဘိုးအိုက ပြောသည်။

စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသူများမှာ အစပိုင်းတွင် ဘုန်းတော်ကြီးကျောင်းများ၌ တည်းခို နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် တဖြေးဖြေး များပြားလာနေသည့်အတွက် ရခိုင်ပြည်နယ်အစိုးရနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းကာ ကယ်ဆယ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ဓညဝတီ အားကစားကွင်းနေရာတွင် ရွက်ဖျင်တဲများ ဆောက်လုပ်ပေးလျှက် ယာယီကယ်ဆယ်ရေး စခန်းတစ်ခုကို ဖွင့်လှစ်ကာ နေရပ်စွန့်ခွာလာခဲ့ကြသူများကို ယာယီ နေရာချထားပေးခဲ့သည်။

“ ဒီလူတွေကို ဒီမှာ အမြဲတမ်းမထားဘူး။ အခြေအနေကောင်းလာရင် ပြန်ပို့ဖို့အတွက်လဲ။ အစိုးရရော ကျွန်တော်တို့ပါ သဘော တူထားတာရှိတယ်။ သူတို့ လိုအပ်တဲ့မီး၊ ရေ၊ ဆေးပေးခန်းတွေကိုတော့ အစိုးရက တာဝန်ယူထားတယ်။ စာရေးသောက်ရေးနဲ့ တခြားစီမံမှုတွေကိုတော့ ဒီနေ့အထိ ကျွန်တော်တို့ တာဝန်ယူနေပါတယ်။” ဟု ကယ်ဆယ်ရေးအဖွဲ့၏ ခေါင်းဆောင်းတစ်ဦးဖြစ်သူ ဦးစိုးနိုင်က   ပြောသည်။

ယင်းကယ်ဆယ်ရေးစခန်းတွင် လက်ရှိနေထိုင်သူ ၈၀၀ ကျော်ရှိနေပြီး ယမန်နေ့နှင့် ယနေ့ရက်များတွင် နေရပ်သို့ပြန်သွားသူများ ရှိသည့်အပြင် နောက်ထပ် ရောက်ရှိလာသူများလည်းရှိနေကြောင်း၊ ယခုရောက်ရှိလာသူများမှာ မောင်တောဒေသမှ ဆက်လက် ထွက်ခွာလာကြသူများ မဟုတ်ဘဲ မင်းပြားမြို့နယ်သို့ ရောက်ရှိသွားသူများက လာနေကြခြင်းဟု ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“ မနေ့ကပြန်သွားတာက ၂၀ ဦး၊ ဒီနေ့ပြန်ကြတာ ၄၇ ဦးပါ။ သူတို့က ထိခိုက်မှုနည်းတဲ့ မောင်တောတောင်ပိုင်းက လူတွေပါ။ မြောက်ပိုင်းက လူတွေတော့ ပြန်ဖို့မပြောသေးဘူး။ ပြန်ပို့တာက ဒီလိုပါ။ အစိုးရအစီအစဉ်နဲ့ လမ်းခရီး လုံခြုံဖို့အတွက် အိမ်တိုင်ရာရောက် ပို့ပေးဖို့တာဝန်ခံတယ်။ နှစ်ပါတ်စာ ရိက္ခာပေးဖို့ပြောတယ်။ ဒီလောက်ပါပဲ။ ဒီလူတွေအတွက် လတ်တလော လုံခြုံရေးကလွဲလို့ ဘာမှ မပေးဘူး။ ဒီကိစ္စက ရေရှည်စဉ်းစားရမယ့်ကိစ္စပါ။” ဦးစိုးနိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required