မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း ၆ ခုတွင် ဆိုင်ကယ် TAXI နှင့် တရားမဝင်ပြေးဆွဲနေသည့် ကားTAXI များဝင်ခွင့်မပြုတော့

မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း ၆ ခုတွင် ဆိုင်ကယ် TAXI နှင့် တရားမဝင်ပြေးဆွဲနေသည့် ကားTAXI များဝင်ခွင့်မပြုတော့

မန္တလေး၊ အောက်တိုဘာ ၂၄ ။          ။ မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် ဆိုင်းကယ်TAXI နှင့် တရားမဝင်ပြေးဆွဲနေသည့် ကား TAXI များကို ဝင်ခွင့်မပြုတော့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ဌာနမှူး ဦးဝင်းမောင်က မဇ္ဈိမကိုပြောသည်။

မန္တလေးမြို့တွင် သီရိမန္တလာ၊ ချမ်းမြရွှေပြည်၊ ဒေါနဘွား စသည့်ဖြင့် အဝေးပြေးယာဉ်ရပ်နားစခန်း ၆ ခုရှိပြီး ထို ၆ခုစလုံးတွင် ဆိုင်ကယ် TAXI နှင့် တရားမဝင်ပြေးဆွဲနေသည့် ကား TAXI များကို ဝင်ခွင့်မပြုတော့ခြင်းဖြစ်သည်။

"အဓိကကတော့ ခရီးသွားပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့်လုပ်တာပါ။ အဝေးပြေးကားတစ်စီးရပ်လိုက်တာနဲ့ TAXI သမားတွေက အလုအယက်ဆွဲကြတော့ ခရီးသည်တွေအနေနဲ့ စိတ်အနှောက်အယှက်ဖြစ်ရတယ်။ ဒါကြောင့် TAXI တွေကို ကားကွင်းထဲဝင်ခွင့်မပြုတော့ဘူး။ ပြီးတော့ ဆိုင်ကယ် TAXI တွေကို ကျွန်တော်တို့တရားဝင်ခွင့်ပြုထားတာမရှိဘူး။ ကား TAXI တွေကတော့ ခွင့်ပြုထားတဲ့အသင်းတွေရှိပါတယ်။ ဒါပေမယ့် တရားမဝင်ပြေးဆွဲနေတဲ့ ကား TAXI သမားတွေကြောင့် တရားဝင်ပြေးဆွဲနေတဲ့သူတွေလည်း အခက်အခဲဖြစ်နေတယ်။ ဒါကြောင့် အခုလို ကန့်သတ်ပြစ်လိုက်တာပါ။"ဟု အခွန်ဌာနမှ ဌာနမှူး ဦးဝင်းမောင်ကပြောသည်။

ထိုသို့ ဆိုင်ကယ် TAXI သမားများနှင့် တရားမဝင်ပြေးဆွဲနေသည့် ကားTAXI သမားများအား ဝင်ခွင့်မပြုခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့က စတင်လိုက်ခြင်းဖြစ်ပြီး ယာဉ်ရပ်နားစခန်းဂိတ်များတွင် စစ်ဆေးမှုများဆောင်ရွက်နေပြီဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျွဲဆည်ကန် ယာဉ်ရပ်နားစခန်းတွင် ဆိုင်ကယ် TAXI လိုက်နေသူ ဦးခင်မောင်ဝင်းက "အခုလိုကန့်သတ်တာက အဖြေမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆိုင်ကယ်သမားတွေကို တရားဝင်ခွင့်ပြုပြီး နေရာလေးသတ်မှတ်ပေးထားရ င်အားလုံးအဆင်ပြေပါတယ်။ ခရီးသည် လုခြင်းမလုခြင်းကတော့ စည်းကမ်းနဲ့လုပ်လိုက်ရင် အားလုံးအဆင်ပြေမှာပါ။ အခုလိုမဝင်ရဘူးဆိုတော့လည်း ဆိုင်ကယ်အပြင်ထားပြီး လူဝင်ကြိုလည်း ဖြစ်နေတာပဲ။ အဲလိုကျတော့ ခရီသည်လုတာကတော့ ပျောက်မယ်မထင်ဘူး။"ဟု ပြောသည်။

ထိုသို့ TAXI များ မဝင်ရောက်နိုင်ရန်အတွက် ဂိတ်အဝင်အထွက်များတွင် စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required