ပုဂံဘုရားများ ပြုပြင်ရန် သိန်းပေါင်း သုံးသောင်းကျော် ရရှိပြီး သိန်းတစ်ထောင်ကျော် သုံးစွဲထား

ပုဂံဘုရားများ ပြုပြင်ရန် သိန်းပေါင်း သုံးသောင်းကျော် ရရှိပြီး သိန်းတစ်ထောင်ကျော် သုံးစွဲထား
ဓာတ်ပုံ - မဇျွိမ
 

ရန်ကုန်၊ အောက်တိုဘာ ၂၄ ။            ။ သြဂုတ် ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခဲ့သည့် ပုဂံဒေသမှ စေတီပုထိုးများကို ပြင်ဆင်ရန် လက်ရှိအချိန်ထိ အလှူငွေ သိန်းပေါင်း သုံးသောင်းကျော် ရရှိထားပြီး ပြုပြင်ရေးအတွက် သိန်းတစ်ထောင်ကျော် သုံးစွဲထားကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မဇ္ဈိမသို့ ပြောသည်။

“အလှူငွေက သုံးတာက သိန်းပေါင်း ထောင့်နှစ်ရာကျော်လောက်ရှိသွားပြီဗျ။ အရေးပေါ်လုပ်ငန်းတွေပေါ့လေ ပလပ်စတစ် အမိုးမိုးတဲ့ကိစ္စတွေ၊ ငြမ်းဆင်တဲ့ ကိစ္စတွေ၊ မှတ်တမ်းယူတဲ့ ကိစ္စပေါ့ သရီးဒီ ပုံတွေထုတ်တာတို့ နောက်ပြီးရင် မြေဧရိယာတိုင်းတာတို့ အဲ့တာတွေပဲရှိပါသေးတယ်ဗျ။ ကျန်တဲ့အပိုင်းကတော့ မရှိသေးပါဘူး။" ဟု ၎င်းကပြောသည်။

သြဂုတ်လ ၂၅ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ကောက်ခံရရှိသော အလှူငွေမှာ ငွေကျပ်သိန်းပေါင်း သုံးသောင်းတစ်ထောင့်လေးရာကျော်နှင့် အမေရိကန်ဒေါ်လာ ငါးသောင်း ရှစ်ထောင်ကျော် ရရှိထားပြီးဖြစ်ကြောင်း ဦးစိုးတင့် ကဆိုသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရှေးဟောင်းပုဂံမြို့တော်ရှိ စေတီပုထိုးများကို ပြန်လည်ပြုပြင်မှုကို ဇန်နဝါရီ ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်။

“အကြီးစားပြင်ရမှာ ၃၆ ဆူပေါ့ ဒုတိယဦးစားပေးကတော့ ၅၃ ဆူပေါ့ နောက်ပြီး တတိယဦးစားပေးက ၃၀၀ အဲ့ဒီ့အဆင့်ပဲ ဆွဲရသေးတယ်ဗျ။ စေတီတွေကိုပေါ့နော် ဘယ်လိုပြင်မယ် ဘယ်လောက်ကုန်ကျမယ် တွက်ချက်မှုက မရသေးဘူးဗျ" ဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကပြောဆိုသည်။

ပုဂံဘုရား စုစုပေါင်း (၃၈၉)ဆူ ခန့်ကိုပြုပြင်ရန် အချိန် ငါးနှစ်ခန့် ယူရမည်ဟုခန့် မှန်းထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)၏ ညွန်ကြားရေးမှူးဖြစ်သူ ဦးအောင်အောင်ကျော်က မဇ္ဈိမသို့ ဖြေကြားထားသည်။

ပုဂံယဉ်ကျေးမှုနယ်မြေရှိ စေတီများကို ပြုပြင်ရန် အာနန္ဒာ နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက် အပါအဝင် ညောင်ဦးတွင် အလှူခံဌာန ၄ နေရာထားရှိပြီး ကမ္ဘောဇ ညောင်ဦးဘဏ်ခွဲတွင်   ငွေစာရင်းဖွင့်လှစ် အလှူခံနေကြောင်း သိရသည်။

စေတီပုထိုးများကို ပြုပြင်ရန် ငွေကြေးနည်းနှင့် နည်းပညာများ အကူအညီပေးရန် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်အပါ အဝင် ဥရောပနိုင်ငံများက ကမ်းလှမ်းထားသည်ဟု သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required