ချီလီနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများတွင် လက်ရှိအာဏာရပါတီ အကြီးအကျယ် ရှုံးနိမ့်သွား

ချီလီနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများတွင် လက်ရှိအာဏာရပါတီ အကြီးအကျယ် ရှုံးနိမ့်သွား
ဓာတ်ပုံ-EFE EPA

အောက်တိုဘာ ၂၄ ။                ။ တောင်အမေရိကနိုင်ငံ ချီလီတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်း ရွေးကောက်ပွဲများတွင် အတိုက်အခံဘက်မှ အများစု အနိုင်ရထားခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေသရွေးကောက်ပွဲများကို အောက်တိုဘာ ၂၃ ရက်ကစတင်ကျင်းပခဲ့ပြီး လက်ရှိ မဲရလဒ်ပေါင်း ၉၉ ရာခိုင်နှုန်းထိ ရေးတွက်ပြီးစီးချိန်တွင်မူ အတိုက်အခံလက်ယာယိမ်းညွန့်ပေါင်းပါတီ Vamos ကအနိုင်ရရှိခဲ့သည်။ Vamos ညွန့်ပေါင်းအုပ်စုက လက်ရှိ သမ္မတ Michelle Bachelet ၏ လက်ဝဲယိမ်း Nueva Mayoria ညွန့်ပေါင်းအုပ်စုထက် မဲအရေအတွက် ပိုမိုရထားခဲ့ပြီဖြစ်သည်။

ယခုအခါ ကွန်ဆာတေးဗစ်ကိုယ်စားလှယ်လောင်းများသည် အဓိကကျသည့် မြို့ကြီးများတွင် အနိုင်ရရှိထားခဲ့သည်ဟု သိရသည်။

" ဒီရလဒ်တွေကို ကြည့်ရင် ဒေသခံတွေက လက်ရှိအစိုးရရဲ့ အမှန်တကယ်ဖော်ဆောင်မပေးနိုင်တဲ့ ကတိကဝတ်တွေနဲ့ပတ်သက်လို့ ငြီးငွေ့နေပြီဆိုတာကို ပြသနေပြီပဲဖြစ်ပါတယ်၊ နိုင်ငံသားတွေအနေနဲ့ အစဉ်အလာဟောင်းတွေအပေါ် သည်းမခံနိုင်တော့ဘူးဆိုတာကို ပြသလိုက်တာပါ" ဟု Santiago မြို့တွင် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသူ ကွန်ဆာတေးဗစ်ကိုယ်စားလှယ် Felipe Alessandri က ပြောသွားသည်။

စီးပွားရေးတိုးတက်မှုနှုန်း အားနည်းမှုနှင့် အကျင့်ပျက်ခြစားမှုပြဿနာများကြောင့် လက်ရှိ သမ္မတ Bachelet ၏ အစိုးရအပေါ် သဘောမကျတော့ကြောင်း မဲပေးသူများက ထုတ်ဖော်သွားသည်ဟု သိရသည်။

ယခုမဲရလဒ်များကြောင့် ယခင်နိုင်ငံခေါင်းဆောင်ဟောင်းဖြစ်သူ Sebastian Pinera နောက်တစ်ကြိမ် နိုင်ငံကို ပြန်လည်ဦးဆောင်နိုင်ရေး အားကောင်းလာစေခဲ့ပြီဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required