ဆောက်သမ်တန်ကိုသရေကျပြီးနောက် မန်စီးတီးအသင်းသားများကို နည်းပြဂွါဒီယိုလာ ၁ နာရီနီးပါး စကားပြောခဲ့

ဆောက်သမ်တန်ကိုသရေကျပြီးနောက် မန်စီးတီးအသင်းသားများကို နည်းပြဂွါဒီယိုလာ ၁ နာရီနီးပါး စကားပြောခဲ့
 

အောက်တိုဘာ ၂၄၊ အင်္ဂလန် ။                ။ ဆောက်သမ်တန်အသင်းကို သရေကျခဲ့ပြီး ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာသည် သူ၏အသင်းသားများကို အဝတ်လဲခန်းအတွင်း ၁ နာရီနီးပါး စကားပြောဆိုခဲ့သည်။

ဂွါဒီယိုလာက ငါးပွဲဆက်နိုင်ပွဲပျောက်ခြင်းမှာ ဘောလုံးလောကတွင် ဖြစ်ပျက်တတ်ပြီး ကစားသမားများ၏ တစ်ဦးချင်းအမှားများကို အပြစ်တင်ရန် မရှိကြောင်း ပြောခဲ့သည်။

ဆောက်သမ်တန်နှင့်ပွဲတွင် မန်စီးတီးနောက်ခံကစားသမား ဂျွန်စတုန်း၏လူပေးမှားမှုကြောင့် ပြိုင်ဘက်တိုက်စစ်မှူး ရက်ဒ်မွန်က အဖွင့်ဂိုးသွင်းယူသွားခဲ့ခြင်း ဖြစ်သည်။

‘ဒီနေ့ ဂျွန်စတုန်းမှားတယ်။ ဗုဒ္ဓဟူးနေ့တုန်းက ဘရာဗိုက မှားတယ်။ ဒါက အကြောင်းပြချက်ပေးနေတာ မဟုတ်ပါဘူး။ အဲဗာတန်နဲ့ပွဲမှာလည်း ပင်နယ်တီနှစ်လုံး လွဲခဲ့တယ်။ အသင်းက ကောင်းကောင်းကစားနိုင်ပေမယ့် ကျွန်တော်တို့ နိုင်ပွဲမရခဲ့ဘူး။

ဆောက်သမ်တန်နဲ့ပွဲက ဒုတိယပိုင်းကိုလည်း ကြည့်လိုက်ပါ။ အသင်းရဲ့ ကစားပုံက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်က ဘောလုံးသမားဖြစ်ခဲ့ဘူးတော့ ဒီလိုမျိုးဖြစ်ပျက်နိုင်တယ်ဆိုတာ သိပါတယ်။ ဆယ်ပွဲလောက်ဆက်တိုက် နိုင်ရင်လည်းနိုင်မယ်။ ငါးပွဲဆက်တိုက် နိုင်ပွဲမရတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကို လက်ခံနိုင်ရပါမယ်။ ဘာကြောင့်လဲဆိုတာ အဖြေရှာသွားမှာပါ’ ဟု ဂွါဒီယိုလာက ပြောသည်။

ထို့အပြင် ဂွါဒီယိုလာက အဝတ်လဲခန်းအတွင်း တစ်နာရီလောက် ကစားသမားများကို စကားပြောခဲ့ခြင်းမှာ ထူးထူးခြားခြားမဟုတ်ဘဲ လက်ရှိအခြေအနေများကို ပြောဆိုခဲ့ကြခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required