ဇီဒန်းအတွက် ဂုဏ်ယူမိကြောင်းနှင့် စီရော်နယ်လ်ဒိုကို ဂန္တာဝင်တစ်ဦးလို့ ရီးယဲလ်ဥက္ကဌ ပီရက်ဇ် ပြော

ဇီဒန်းအတွက် ဂုဏ်ယူမိကြောင်းနှင့် စီရော်နယ်လ်ဒိုကို ဂန္တာဝင်တစ်ဦးလို့ ရီးယဲလ်ဥက္ကဌ ပီရက်ဇ် ပြော
(ဓာတ်ပုံ - ရီးယဲလ်မက်ဒရစ်)

ရီးယဲလ်မက်ဒရစ် ဥက္ကဌ ဖလော်တီနို ပီရက်ဇ်က ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ခဲ့လို့ ဂုဏ်ယူကျေနပ်မိပြီး ကြယ်ပွင့်ကစားသမား စီရော်နယ်လ်ဒိုအား ဂန္တာဝင်ကစားသမားတစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားခဲ့ကြောင်း ပြောပါတယ်။

ရီးယဲလ်ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ကလပ်အထွေအထွေညီလာခံအတွင်း ပီရက်ဇ်က မိန့်ခွန်းပြောကြားရာ "ဇီဒန်းဟာ ရီးယဲလ်အသင်းဘာဆိုတာကို ပြတဲ့သူဖြစ်တယ်။ ဇီဒန်းဟာ ကျနော်တို့ရဲ့ ကြီးကျယ်တဲ့ သမိုင်းအစိတ်အပိုင်းဖြစ်ပါတယ်။ ဥရောပချန်ပီယံအဖြစ် ကစားခဲ့သူဖြစ်သလို၊ ဥရောပချန်ပီယံရရှိတဲ့ လက်ထောက်နည်းပြဖြစ်ဖူးပြီး အခုဆိုရင် ချန်ပီယံနည်းပြတစ်ယောက်ပါ"လို့ ဆိုပါတယ်။

"ဆုံးဖြတ်ချက်တွေထဲက တစ်ခုကို ပြောပါရစေ။ ဥက္ကဌတစ်ယောက်အနေနဲ့  ရီးယဲလ်အသင်းအတွက် ဇီးဒန်းကို ကစားသမားအနေနဲ့ ပထမဆုံး ခေါ်ယူနိုင်ခဲ့သလို အခုနည်းပြအနေနဲ့ပါ ခန့်အပ်နိုင်ခဲ့လို့ ဂုဏ်အယူရဆုံးနဲ့ ကျေနပ်မှုအရှိဆုံးဖြစ်ပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

"သူ့ရဲ့ ဘောလုံးအပေါ် သိကျွမ်းမှု၊ ရီးယဲလ်နဲ့ ကစားသမားတွေပေါ် သိနားလည်မှု၊ အစုအဖွဲ့ပေါ် စီမံခန့်မှု၊ ပရိုဖက်ရှင်နယ်ကျမှုနှင့် နိမ့်ချမှုတွေက ဒီအောင်မြင်မှုအတွက် အရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်။"လို့ ပီရက်ဇ်က ရှင်းပြပါတယ်။

ပီရက်ဇ်က စီရော်နယ်လ်ဒိုနဲ့ ပတ်သက်လို့ "သူက ရီးယဲလ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂန္တာဝင်တွေထဲက တစ်ဦးဖြစ်ပြီး ဘောလုံးသမိုင်းကြောင်းထဲက အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ်မှာ (၁၆) ဂိုးနဲ့ ဂိုးသွင်းအများဆုံး နောက်တစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက (၄)ကြိမ်မြောက် ရွှေဖိနပ်ဆုရရှိပြီးတဲ့နောက်မှာ ဒီကမ္ဘာမှာ တစ်ဦးတည်းသော ရွှေဖိနပ်ဆု (၄) ကြိမ် ရယူဆွတ်ခူးနိုင်သူဖြစ်လာပြီး အခြား အသိအမှတ်ပြုမှုတွေကိုလည်း ရယူနေဆဲ ဖြစ်ပါတယ်။"လို့ ပြောပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required