အစိုးရသစ်လက်ထက် လူ့အခွင့်အရေး အခြေအနေ ဘာတွေ တိုးတက်လာသလဲ (အပိုင်း ၂)

အစိုးရသစ်လက်ထက် လူ့အခွင့်အရေး အခြေအနေ ဘာတွေ တိုးတက်လာသလဲ (အပိုင်း ၂)

ဆရာဦးရောဘတ်ဆန်းအောင်ခင်ဗျ ကျွန်တော်တို့တိုင်းပြည်မှာ အတိတ်သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် လူ့အခွင့်အရေး ကြေညာချက်လိုဟာမျိုးကို ဖြန့်ဝေဖို့တောင်မဟုတ်ပါဘူး။ အိတ်ထဲမှာ ဆောင်ထားတဲ့သူမျိုးကို ဖမ်းမိတယ်ဆိုရင်တောင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရတာမျိုးကို ကျွန်တော်တို့ ကြုံခဲ့ရပါတယ်။ အဲလို လူ့အခွင့်အရေး ကြေညာချက်လိုဟာမျိုးကို   ဆောင်ထားတာ တွေ့လို့ စီရင်ချက် ချခံရဖူးတဲ့သူတွေ အဲလိုစီရင်ချက်မျိုးကို ချခဲ့တဲ့ပုဂ္ဂိုလ်တွေက အခုအချိန်အထိ တရားစီရင်ရေးမဏ္ဍိုင်ပေါ်မှာ ရှိနေတဲ့အပေါ်မှာဆိုရင်ရော ဆရာတို့ ဘာများပြောချင်တာများ ရှိဦးမလဲ။

ဦးရောဘတ်ဆန်းအောင်

တရားလွှတ်တော် ရှေ့နေ။

အဲဒီတုန်းက ထောက်လှမ်းရေးခိုင်းသမျှကို လိုက်လုပ်ခဲ့တဲ့ တရားသူကြီးတွေက ကနေ့ အဆင့်မြင့်တဲ့နေရာတွေမှာ ရောက်နေတယ်။ အဲတော့ ကျွန်တော်ဖြစ်စေချင်တာက အဲဒီ အဆင့်မြင့်တဲ့ ထိပ်ဆုံးကနေ အောက်ဆုံးအထိ တရားသူကြီးတွေကို ဒီ ဆရာဦးအောင်မျိုးမင်းတို့လို လူ့အခွင့်အရေး သင်ကြားပို့ချချက်နဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီမှာ သင်တန်းပေးဖို့ လုပ်ရမယ်။ ဒါမှ သူတို့က လူ့အခွင့်အရေးကို ဘာမှန်းမသိသေးဘူး။ အခုထိ သူတို့က ပလာတာကိုလည်းပဲ မြက်လို့ပဲ ထင်နေသေးတယ်။အဲလို များနေတဲ့အခါကျတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် သူတို့ စီရင်ချက်ထဲမျာတောင်မှ ထည့်မရေးရဲဘူး။ ကျွန်တော်တို့က ဘယ်လောက်ပြောပြော သူတို့က နားမလည်ဘူး။ သူတို့နားလည်တာကမြက်။ ကျွန်တေ်ာတို့ သူတို့ကို ကျွေးတာက ပလာတာ။ အဲဒီတော့ သူတို့က အရသာကို မဖော်ပြနိုင်ဘူး။ အဲဒီပုံစံမျိုးဖြစ်နေတော့ ဒီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ရှိရင် တရားသူကြီးတွေရော အဆင့်ဆင့် နောက် ညွှန်ချုပ်တို့ ရဲချုပ်တို့ စတဲ့ တိုင်းတပ်ဖွဲ့မှူးတွေ အကုန်လုံးကိုလည်း သူတို့ကို သင်တန်းပေးရမယ်။ လက်တွေ့လည်း သူတို့ကို ခိုင်းရမယ်။

အခုဟာက လူ့အခွင့်အရေးပေါင်းစုံက ထောင့်စုံမှာ ပြန်ဖြစ်လာတာက ဘာကြောင့်လဲဆို၇င် အရင်အစိုးရက စိုက်ခဲ့တဲ့ ရာဇဝတ်အပင်တွေကနေ အခု အသီးတွေသီးနေတာ။ သက်ငယ်မုဒိမ်း၊ အဖေက သမီးကို မုဒိမ်းကျင့်တာ၊ လုယက်မှု၊ လူသတ်မှု၊ ရန်ကုန်တိုင်းဆိုရင် ဒီနှစ် အလောင်းပြိုင်ပွဲမှာဆို ရွှေတံဆိပ် ရတော့မှာ။ စသဖြင့် စသဖြင့် ဒီ ဒုစရိုက်တွေက ဟိုတုန်းက ဖောဖောသီသီ လွှတ်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ နိုင်ငံရေးအကျဉ်းသား အဲဒီခေတ်တုန်းက အလွန်နည်းပါးတဲ့ဟာနဲ့ လုပ်ခဲ့တယ်။ စဉ်းစားဆင်ခြင်မဲ့စွာနဲ့ လွှတ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အသီးအပွင့်ကို ယနေ့ ပြည်သူတွေ ခံစားနေရတယ်။

အဲတော့ ကျွန်တော်တို့က ဒီနေရာမှာ တရားဥပဒေ စိုးမိုးရေးကို ပီပြင်အောင် လုပ်နိုင်ဖို့အတွက် လူ့အခွင့်အရေးကို သင်ကြားပို့ချပေးရမယ်။ သင်ကြားပို့ချပြီးတော့ ဥပဒေကိုလည်းပဲ တလေးတစားရှိအောင် တရားစွဲအဖွဲ့အစည်း ဥပဒေအရာရှိ စသည်ဖြင့် အားလုံးကို လုပ်နိုင်မှ ကျွန်တော်တို့နိုင်ငံမှာ ရှေ့လျှောက် ပိုကောင်းသွားမယ်။ အခုက ခြောက်လလောက်ပဲ ရှိသေးတော့ NLD အစိုး၇ကတော့ သူ Plan တွေတော့ ဆွဲနေတယ်။ လွှတ်တော်ကလည်း ဒီတစ်ခါ တော်တော်လေးကို လူထုထောက်ခံမှု ရတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကိစ္စမှာ အားလုံး ဝိုင်းလုပ်ကြဖု့ိ လိုပါတယ်လို့ ပြောချင်ပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ခင်ဗျ။ ဆရာ ဦးအောင်မျိုးမင်းတို့အနေနဲ့ရော လူ့အခွင့်အရေးတွေကို အလေးအနက်ထားတဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ဖို့ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်ဖို့က ဆရာတို့အနေနဲ့ဆို တရားသူကြီးတွေ ရဲတွေ ဒါမျိုးတွေကို ဆရာတို့အနေနဲ့ Training ပေးရတဲ့ဟာတွေမှာ ဆိုရင်ရော ဆရာတို့ အရင်အစိုးရလက်ထပ်နဲ့စာရင် ပိုပြီးတော့ ပေးလို့ရလာလား။ ဒါမှမဟုတ် သူတို့ကရော ဆရာတို့ပေးတဲ့အပေါ်မှာ လိုက်နာမှုတွေ လေးစားမှုတွေ ဒါတွေအပေါ်မှာဆိုရင်ရော ဆရာတို့ ဘယ်လိုတွေ့ရတာမျိုးတွေ ရှိမလဲခင်ဗျ။

ဦးအောင်မျိုးမင်း

အမှုဆောင်ဒါရိုက်တာ၊ Equality Myanmar

ကျွန်တော်တို့ တွေ့ရတာကတော့ ဒီ အစိုးရဘက်ကနေ တာဝန်ရှိတဲ့သူတွေကိုတောင် သင်တန်းပေးမယ်လို့ ခေါ်ရင်တောင် သင်တန်းဆိုကတည်းက မလာတော့ဘူးဗျ။ ဘာကြောင့်လဲ ငါတို့က သိထားပြီးသား ငါတို့က ဒါအကုန်လုံးကို သိထားပြီးသား သင်တန်းမပေးနဲ့ဆိုတဲ့ စိတ်ကိုက သူတို့ကိုယ်သူတို့ အကုန်သိတယ်ဆိုတဲ့ စိတ်မျိုးဖြစ်တယ်။ အရမ်းလုပ်ရခက်တယ်။

တကယ်တော့ ပညာဆိုတာ ကုန်ခမ်းသွားတယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း လေ့လာနေရမှာ နောက်ပြီးတော့ ကိုယ့်အနေနဲ့ ကိုယ် ဘာသာရပ်တစ်ခု ကျွမ်းကျင်သည့်တိုင်အောင် လူ့အခွင့်အရေးပိုင်းကို ပိုပြီးတော့ ကျွမ်းကျင်ရင် ဒါက နောက်ထပ် လေ့လာထားတဲ့အကြောင်းအရာက ပိုအကျိုးှရှိနိုင်ပါတယ်။ ငါတို့ကတော့ ဒါ ဥပဒေစာအုပ် ဒါကတော့ ငါတို့ရဲ့ကျင့်ထုံး ဒါတွေက ငါတို့ရဲ့ အစိုးရဝန်ထမ်းတွေရဲ့ တာဝန်ဆိုတာ ဖက်တွယ်ထားပြီးတော့ လူ့အခွင့်အရေး မလေ့လာလို့ရှိရင် လူ့အခွင့်အရေးကို မလေးစားသော လူ့အခွင့်အရေးကို မကျင့်သုံးသော ပြည်သူ့ဝန်ထမ်းတွေဖြစ်ရင် ပြည်သူတွေပဲ နာပါတယ်။

အဲတော့ ကျွန်တော်တို့ဘက်ကတော့ အမြဲတမ်း လုပ်ဆောင်ပါတယ်။ လုပ်ဆောင်တဲ့နေရာမှာ ခုနက မမွန်မွန်မြတ် ပြောသွားသလို ကျွန်တော်တို့ ရပ်ရွာပိုင်းမှာလည်း လုပ်တယ်။ တတ်နိုင်သမျှ လွှွတ်တော်မှာလည်း ဒီလိုမျိုး ဆွေးနွေးတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ လမ်းတွေ အကုန်ဖွင့်ထားပါတယ်။ ဒါပေမယ့် တစ်ခုတစ်လေ ကျွန်တော်တို့ ဘာကြုံရလဲဆိုတော့ ကျွန်တော်တို့က ယန္တရားကို ပြင်ဖို့ခက်တယ်ဗျ။ ဥပမာ ကျွန်တော်တို့ ရပ်ရွာအတွင်းမှာ သွားပြီးတော့ ဆွေးနွေးပွဲတွေဘာတွေ လုပ်မယ်ဆိုရင် အမှန် ကျွန်တော်တို့မှာ ရှိပြီးသား အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ကျွန်တော်တို့က မှတ်ပုံတင်စရာ မလိုဘူး။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်။ မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ မဆိုင်ဘူး။ ဒါပေမယ့် အစိုးရရဲ့ ဌာနဆိုင်ရာတွေမှာ ဘာလဲဆိုတော့ ငါတို့ဆီလာလို့ရှိရင် မှတ်ပုံတင်ထားတဲ့အဖွဲ့ပဲရမယ်။ ခွင့်ပြုချက် ပါမှပဲရမယ်။ အဲလိုအတွေးကိုယ်တိုင်က လူ့အခွင့်အရေးကို မသိဘူးဆိုတာကို ဖော်ပြနေတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းအဖွဲ့တွေက ငြိမ်းချမ်းစွာ လှုပ်ရှားပိုင်ခွင့် ရှိရမယ်ဆိုတဲ့ အခွင့်အရေးကို မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ အခန်း ၈ မှာ အတိအကျ ဖော်ပြပြီးသား။ ဒါကို နားမလည်ခြင်းကိုယ်တိုင်က သူတို့က လူ့အခွင့်အရေးကို နားမလည်ဘူး မလေ့လာဘူး မသိဘူး။ လေ့လာချင်လားဆိုတော့လည်း မလေ့လာချင်ကြဘူး။ အဲလိုစိတ်ဓာတ်တွေ တွေ့ရပါတယ်။

နောက် ပညာပေးမှုတွေ လုပ်ပါတယ်။ လုပ်တဲ့အခါမှာ အခု မြန်မာ့အသံတို့ဘာတို့လည်း တော်တော်ကို လွှင့်လာတာရှိတယ်။ ကျွန်တော်တို့လည်း အားရတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် ပညာပေးမှုမှာ လူ့အခွင့်အရေးဆိုတဲ့ အဓိပ္ပာယ်ကို သေသေချာချာ သိအောင် လုပ်ဆောင်တာမျိုး မလုပ်ပဲနဲ့ သတင်းမှားပေးတဲ့ဟာတွေ ဖြစ်တတ်တယ်။ နောက် ကျွန်တော်တို့ ကလေးတွေကို ကာကွယ်ပေးဖို့အတွက် ပညာပေးလုပ်တယ်။ အဖြစ်အပျက် တင်ပြသွားတာတွေက အနုပညာဆန်တယ်။ ဒါပေမယ့် Message က ကလေးတွေကို အပြင်မလွှတ်နဲ့ ဆိုတဲ့ဟာမျိုးနဲ့ ပြီးသွားတယ်။ ကျူးလွန်တဲ့သူတွေကို ဒါ မကျူးလွန်သင့်ဘူးဆိုတဲ့ ကျူးလွန်တဲ့သူတွေကို တကယ့် Message ပေးပြီးတော့ တားဆီးတာ မပါဘူး။ အဲတော့ ခံရတဲ့သူတွေကပဲ အပြင်ထွက်လို့ ခံရသလိုလို အဲဒါကြောင့်မို့ ကျွန်တော်တို့တွေ လူ့အခွင့်အရေးတွေ ကျားမ အခွင့်အရေးတွေ သိဖို့လိုတယ်။ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူမှာ ကျူးလွန်ခံရသူကို အပစ်ပေးခံရတာမျိုး မဟုတ်ပဲနဲ့ ကျူးလွန်တဲ့သူကို အမှန်တိုင်း အရေးယူပြီး အမှန်တိုင်း လုပ်ပေးဖို့ ပညာပေးမှု နည်းစနစ်ကလည်း လိုအပ်နေတုန်းပါပဲ ခင်ဗျ။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျ။ ဆရာမတို့အနေနဲ့ဆိုရင်ရော ဥပမာ လူ့အခွင့်အရေးကို အခြေခံတဲ့ အနုပညာဆန်သော ရုပ်ရှင်တွေ ထုတ်လုပ်မှုတွေထက် တခြားရော Public wanted ဖြစ်ဖို့တွက် ဆိုတဲ့ဟာတွေ အတွက်ဆိုရင်ရော ဆရာမတို့အနေနဲ့ဆိုရင် ဘာတွေများ နောက်ပိုင်းမှာ လုပ်ဆောင်သွားဖို့ အစီအစဉ်မျိုးတွေ ဒါမျိုးတွေ ဘယ်လိုမျိုး ရှိပါဦးမလဲခင်ဗျ။

ဒေါ်မွန်မွန်မြတ်

ဒါရိုက်တာ၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်။

ကျွန်မတို့ကတော့ အခုတော့ ရုပ်ရှင်ကို မီဒီယာတစ်ခုအနေနဲ့ သုံးပြီးတော့ လူ့အခွင့်အရေးကြောင်းကို ပြောဖို့ စဉ်းစားကြည့်တာပေါ့နော်။ ဒါပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ လူတွေကိုယ်တိုင်ကလည်း စောစောကပြောတဲ့ လူ့အခွင့်အရေး အခြေခံအချက်တွေ ဘာလဲဆိုတာကိုလည်း သိဖို့ လိုတာပေါ့နော်။ အဲဒါကျတော့ ကျွန်မတို့ လုပ်တဲ့ပုံစံကတော့ နယ်တွေမှာပေါ့ အထူးသဖြင့်တော့ ရုပ်ရှင်ပွဲတော် လုပ်တဲ့နေရာတိုင်းမှာ လူ့အခွင့်အရေး အခြေခံအချက် ၃၀ ပါတဲ့ အတိုကောက်ပေါ့ အဲဒါလေးတွေကို တစ်ယောက်ချင်းစီ လူတွေရဲ့ လက်ထဲကို ထည့်ဖို့ ကျွန်တော်တို့ လုပ်ပါတယ်။ ဒါ အနည်းဆုံးတော့ ဒါလေးကို ဖက်ဖြစ်တယ်ဆိုရင် သူတို့ အနည်းဆုံးတော့ ကိုယ့်ရဲ့ အခြေခံအခွင့်အရေးတွေက ဘာတွေလဲဆိုတာ သိမယ်။

နောက် အဲဒါအပြင်မှာ ကျွန်မတို့ ဘာလုပ်ပေးလဲဆိုရင် ဉာဏ်စမ်းမေးခွန်းလေးတွေကို ပရိသတ် ဆုံတဲ့အခါမှာ ကိုယ်နဲ့ဆိုင်တဲ့အချက်က ဘယ်ဟာဖြစ်မလဲပေါ့ ကိုယ့်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အချက်နံပါတ် ဘယ်လောက်လဲဆိုတဲ့ အဲလို မေးခွန်းလေးတွေ မေးကြတယ်။ မေးတဲ့အခါမှာ ကျွန်မတို့ သူတို့ကို လက်ဆောင်လေးတွေ ပြန်ပေးရင်းနဲ့ ဖတ်ဖြစ်သွားအောင် တစ်ထိုင်ထဲမှာပဲ ရုပ်ရှင်လာကြည့်ရင်းနဲ့ ပရိသတ်တွေ ဖတ်ဖြစ်သွားအောင်လို့ ကျွန်မတို့ အဲလိုမျိုးလေးတွေ လုပ်ပေးတာမျိုးတွေ ရှိတယ်ပေါ့နော်။

အဲတော့ ကျွန်မတို့နိုင်ငံက လူ့အခွင့်အရေးဆိုတဲ့ စကားလုံးက မစားကောင်းတဲ့အသီးလိုမျိုး ရှောင်ခဲ့ရတာ နှစ်များစွာ ကြာခဲ့ရပြီဆိုတော့ စောစောက ကိုအောင်မျိုးမင်းပြောသလို ဥပဒေပိုင်းဆိုင်ရာတွေကိုက အဲဒီစကားလုံးကို ရှောင်ကြတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဒီ မှတ်ပုံတင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို မှတ်ပုံတင်ဖို့ ကြိုးစားတဲ့အခါမှာ ကျွန်မတို့အထဲမှာပါတဲ့ Mission Statement တွေထဲမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို နိုင်ငံသားဆိုတဲ့ စကားလုံးနဲ့ ဖလှယ်ပေးပါလို့ ဆိုပြီး ကျွန်မတို့ တောင်းဆိုဖူးတယ်။ ဒါမျိုးတွေပေါ့နော်။ ဒါဆိုရင် တကယ်တမ်းဆိုလို့ရှိရင် ဒီစကားလုံးက ဘာများဖြစ်လို့လဲ ပြောချင်တာက အဲဒါကိုပဲ ကြောက်နေကြတာပေါ့နော်။ ပြောချင်တာက ကျွန်မတို့ ဘာဖြစ်လို့ ဒီ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ဒီလောက်ကြောက်နေရသလဲဆိုတဲ့ဟာ ဆိုတော့ အစိုးရအဖွဲ့တွေကိုယ်တိုင်က ဒီ လူ့အခွင့်အရေး အနှစ်သာရကို တကယ့်ကို နက်နက်ရှိုင်းရှိုင်း သိဖို့လိုပါတယ်။ ဒါမှသာလျင် အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့ စောင့်ရှောက်ပေးနိုင်ဖို့အတွက် ပိုပြီးတော့ အခြေအနေ ပေးလာမှာပေါ့။ သူတို့ကိုယ်တိုင်ကမှ နားမလည်ဘူးဆိုရင် လူ့အခွင့်အရေးက ချိုးဖောက်နေမှာပဲ။ စောစောက လူ့အခွင့်အရေးကော်မရှင် ဖြစ်သွားတဲ့ကိစ္စက ဆရာဦးဆန်းအောင် ပြောသလိုပေါ့ ဒီအခွင့်အရေးတွေကို နားမလည်လို့ ဒီလိုချိုးဖောက်မှုတွေ ကျူးလွန်တာဖြစ်လာတာ။ ဆိုတော့ ကျွန်မထင်ပါတယ်။ ပညာပေးမှုတွေက လုပ်တော့လုပ်နေပါတယ် ဒါပေမယ့် လိုတော့ လိုနေပါသေးတယ်။ကိုယ်ကိုယ်တိုင်ကလည်း အားလုံးကိုယ်တိုင်ကလည်း လေ့လာသင်ယူလိုစိတ် ရှိမှသာလျင် ကျွန်မတို့ ဒီဟာတွေကို အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်ရှင့်။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျ။ ဆရာတို့ လူ့အခွင်အရေး ချိုးဖောက်မှုဆိုင်ရာ ပြစ်မှုတွေကို ဆရာတို့အနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ရှေ့နေတွေအနေနဲ့ လိုက်ပါပြီးတော့ ဆောင်ရွက်ရတဲ့အခါမျိုးမှာ ကျွန်တော်တို့ သတင်းမီဒီယာတွေအနေနဲ့ မြင်တွေ့နေရတာပေါ့လေ တချို့ကိစ္စတွေမှာ ဆရာတို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေ ဆိုပြီးတော့ ဆရာတို့ လျှောက်လွှဲချက်တင်တာတွေ တရားစွဲဆိုတာမျိုးတွေကို ဆရာတို့ ဆောင်ရွက်တယ်ပေါ့လေ။ ဒါပေမယ့် တကယ့်တကယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်သွားတဲ့ အင်စတီကျူးရှင်းတွေပေါ့နော် ဥပမာ တပ်မတော်တို့ ရဲတို့ ဆိုလို့ရှိရင် ဒီ အရပ်ဘက် တရားရုံးတွေအပေါ်မှာ စစ်ဆေးမှုတွေ မလုပ်တော့ပဲနဲ့ ဒီဘက် တပ်မတော် တရားရုံးတွေ ရဲတရားရုံးတွေ ဘက်ကနေ စစ်ဆေးပြီးတော့ စီရင်ချက် ချသွားတဲ့ဟာမျိုးတွေလည်း ကျွန်တော်တို့ အများကြီး တွေ့ရတယ်ဆရာ။ ဆိုတော့ အဲဟာတွေကရော လိုအပ်သလား၊ ရှိသင့်သလား၊ ဖြစ်သင့်သလား တိုင်းပြည်အတွက် တကယ်ပဲ လိုအပ်နေသလားပေါ့လေ ဒါမှမဟုတ်ဘူးဆိုရင် အဲဒါတွေကရော လူ့အခွင့်ရေး အခြေအနေတွေ တိုးတက်မှုတွေအတွက် အနှောက်အယှက်တွေရော ဖြစ်နေသလား။ အဲဒီအပေါ်ကိုရော ဆရာ ဘယ်လိုမြင်လဲ။

ဦးရောဘတ်ဆန်းအောင်

တရားလွှတ်တော် ရှေ့နေ။

ဟို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို သွားရတာ အင်မတန်မှ မောပါတယ်။ ခရီးဝေးလို့ပါ။ ကျွန်တော်တို့ အခု ကိုပါကြီးကိစ္စမှာ အလွတ်တန်းသတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ အဲဒီမှာဆိုရင် ကျွန်တော်တို့ ၂၅.၁၀.၂၀၁၄ နေ့စွဲနဲ့ သူ့ရဲ့ဇနီး မသန္တာက သေမှုသေခင်း ဖွင့်ထားတယ်။ အဲဒီအမှုကို ကျိုက်မရောမြို့နယ် တရားရုံးက မြို့နယ်တရားသူကြီး ဦးသိန်းအောင်က စစ်ဆေးနေတဲ့အချိန်မှာပဲ တရားခံအမှန်ကို ပြီးပြည့်စုံအောင် မဖော်ထုတ်ရသေးခင် တရားရုံးက နှစ်ယောက်လောက်ကို ခေါ်ပြီးတော့ အမှုစစ်ပြီး တရားသေ အမိန့်ချမှတ်လိုက်တယ်။ ဆိုတော့ ကျွန်တော့    ဆိုတော့ ဒီ အရပ်ဖက် နယ်ဖက် တရားရုံးမှာ စစ်နေတယ်။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က သူက ကြားက စားသွားတယ်။ ပွင့်လင်းမြင်သာမှုရှိအောင် နယ်ဘက်တရားရုံးမှာ စစ်ဆေးသင့်တယ်ဆိုတဲ့ အကြံပြုချက်ကို ပေးပြီးတော့ သူ ရပ်ပစ်လိုက်တယ်။ ဒါပေမယ့် အကျဉ်းစစ် တရားရုံးချုပ်ကနေပြီးတော့ တကယ်ကျူးလွန်ပါတယ်ဆိုပြီးတော့ နှစ်ယောက်တည်း အမှန်ကတော့ အများကြီးပါ တပ်ရင်းမှူးတွေရော ဗိုလ်ကြီးတွေလည်း ပါတယ်။ ဒါပေမယ့် ဒုတပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက်ကို တရားသေလုပ်လိုက်တယ်။ လုပ်လိုက်ပြီးတော့ ကျိုက်မရောမြို့နယ် တရားရုံးက မဟုတ်ဘူး သဘာဝအတိုင်း သေတာမဟုတ်ဘူး တစ်စုံတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့်ဆိုတော့ လူသတ်မှုဖွင့်တယ်။ အဲဒါကို နောက်ဆုံး မှားယွင်းပါတယ်ဆိုပြီးတော့ လုပ်သွားတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေက နှစ်မျိုးဖြစ်နေတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါသော်လည်းပဲ နယ်ဘက် တရားရုံးမှာ တပ်မတော်သားကို မစစ်ဆေးရဘူးလို့တော့ ကျွန်တော် ရှာဖွေပြီးတော့ ဖတ်တာ ဖွဲ့စည်းပုံမှာ မတွေ့ဘူး။ တပ်မတော်ဥပဒေမှာတော့ ဘယ်ဥပဒေ အမျိုးအစားကတော့ နယ်ဘက်မှာ စစ်ရမယ်ဆိုပြီးတော့ ပါတယ်။ ဒီနေရာမှာ ဥပဒေချင်း ပဋိပက္ခ ဖြစ်သွားပြီ။ ဒါ အခု ကျွန်တေ်ာတို့ စာချွန်လွှာတော့ တင်ထားတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအထိ တက်ရတော့မယ့် အမှု ဆိုလိုတာက တရားဥပဒေမှာ အဲဒီလို ပျော့ကွက် ဟာကွက်နဲ့ တပ်မတော်သားတွေက သူတို့ကျတော့ သူတို့အပိုင်းနဲ့သူတို့ စစ်မယ် အခုစစ်တာကို အခု မိုင်းရော်ကိစ္စမှာ မိသားစု သွားနားထောင်လို့ရတယ်။ ဒီ အလွတ်တန်းသတင်းထောက် ကိုပါကြီးကိစ္စမှာကျတော့ မသန္တာတို့ နားမထောင်လိုက်ရဘူး။ သက်သေအဖြစ်ပါတဲ့ ဒေါ်အုန်းလှတို့လည်း မရဘူး။ ဗိုလ်ကြီး နေမျိုးဇင်တို့လည်း မရဘူး။ သူတို့ဘာသာ သူတို့ စစ်သွားတယ်။ ကျွန်တော်တို့လည်း ဘာမှမသိရဘူး။ ဘယ်လိုစီရင်ချက် ချတယ်ဆိုတာလည်း မသိရဘူး။ ဆိုတော့ အဲဒီလို ဖုံးဖုံးဖိဖိ စစ်ဆေးတဲ့ တရားစီရင်ရေး ပုံစံတစ်ခုကို အဲဒီဘက်မှာ ကျင့်သုံးတာက ပြည်သူလူထုက အထင်အမြင် လွဲမှားမှုကို ပိုပြီးတော့ နက်ရှိုင်းအောင် လုပ်သလိုဖြစ်တယ်။ အဲတော့ တရားဥပဒေ စိုးမိုးမှုမှာ ဒါဟာ အထောက်အကူမပြုဘူး။

အခု ကျွန်တော်တို့ကလည်း လုပ်ပါတယ်။ ဆရာဦးအောင်မျိုးမင်းတို့ အရင်ပေးခဲ့တဲ့ အကြံဉာဏ်တွေနဲ့ပဲပေါ့နော်။ ပြည်သူတွေက လက်တွေ့ဥပဒေဆိုရင် ကျွန်တော်တို့ လူထုကြားထဲမှာ စာအုပ်တွေလည်း ကျွန်တော်တို့ ဖြန့်ပေးပါတယ်။ ကျွန်တော်တို့က တစ်ဖက်ကနေ အဲဒီလို တရားဥပဒေစိုးမိုးမှုကို လုပ်နေတဲ့အချိန်မှာ ဟိုဘက်တစ်ခြမ်းက သူတို့သဘောနဲ့သူတို့ စစ်ဆေးချင်တဲ့အမှုကို စစ်ဆေးတယ်။ အမိန့်ချချင်တဲ့အပိုင်းကို အမိန့်ချတယ်။ ကျွန်တော်တို့ မသိရဘူး။ အဲဒါမျိုးတွေက မမျှမတတဲ့ တရားစီရင်ရေး ပုံသဏ္ဍာန်ကို ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒါ ပြည်ထောင်စုလွှတ်တော်က တရားစီရင်ရေး ဥပဒေကို ပြင်မယ်လု့ိ ယုံကြည်ပါတယ်။

အပိုင်း(၁)အား အောက်ပါလင့်တွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/19419

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required