မီလန်ကိုရှုံးနိမ့်ခဲ့သော်လည်း ပြဿနာမရှိကြောင်း ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီပြော

မီလန်ကိုရှုံးနိမ့်ခဲ့သော်လည်း ပြဿနာမရှိကြောင်း ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီပြော

အောက်တိုဘာ ၂၃၊ အီတလီ ။               ။ ဆန်စီရိုကွင်းတွင်ကစားခဲ့သည့်ပွဲတွင် အေစီမီလန်အသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသော်လည်း ပြဿနာမရှိကြောင်း ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ပြောဆိုခဲ့သည်။

ထိုပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းအတွက် ပီဂျန်နစ်က ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းကာ ဂိုးရယူခဲ့သော်လည်း ဘောလုံးလမ်းကြောင်းတွင် ဘီနာတီယာရှိနေသည့်အတွက် ဂိုးရရှိခြင်း မရှိခဲ့ပေ။ ထိုဂိုးကို ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း အေစီမီလန်ကစားသမားများက စောဒကတက်ခဲ့ကြခြင်းကြောင့်ဒိုင်က ဆုံးဖြတ်ချက်ကိုပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ဒုတိယပိုင်းတွင်   အေစီမီလန်အသင်းမှာ လိုကာတယ်လီ၏ဂိုးဖြင့် အိမ်ကွင်းတွင် အနိုင်ရသွားခဲ့သည်။

ထိုဖြစ်ရပ်အတွက် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ဒိုင်လူကြီးများကို အပြစ်မတင်လိုကြောင်းနှင့် မီလန်ကစားသမားများက ဒိုင်၏ဆုံးဖြတ်ချက်ပြောင်းလဲစေရန် ဖိအားပေးခဲ့ကြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

‘အေစီမီလန်က ဂိုးရဖို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ကျွန်တော်တို့ကတော့ ကံမကောင်းခဲ့ပါဘူး။ ဂိုးရခဲ့ပေမယ့် ခွင့်မပြုခံခဲ့ရတာကလည်း ကံမကောင်းတာပါပဲ။ ကျွန်တော်တို့ဟာ ဘောလုံးကိုသာ အာရုံစိုက်ကစားသင့်ပြီး ဒိုင်တွေကို ဖိအားမပေးသင့်ပါဘူး။

‘ဒီရှုံးနိမ့်မှုက ဒီရာသီမှာ ကျွန်တော်တို့အသင်းရဲ့ အခြေအနေကောင်းမွန်နေမှုကို ပျက်စီးသွားစေမှာ မဟုတ်ပါဘူး။ ကစားသမားတွေကိုလည်း အပြစ်တင်ဖို့မရှိသလို ဒီအရှုံးက ဂျူဗီကို ဒုက္ခဖြစ်စေမှာလည်း မဟုတ်ပါဘူး။ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းအများကြီးရခဲ့ပါတယ်။ မီလန်ကတော့ ပထမပိုင်းနဲ့ဒုတိယပိုင်းမှာ တစ်ကြိမ်စီသာ ကန်ခွင့်ရခဲ့ပြီး တစ်ဂိုးရသွားခဲ့ပါတယ်။ သူတို့ဟာ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး လိုကာတယ်လီရဲ့ဂိုးကလည်း တကယ်ကိုကောင်းပါတယ်’ ဟု အယ်လီဂရီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required