ဟေတီတွင် အစောင့်ကို သတ်ပြီး ထောင်သား တစ်ရာကျော်က လက်နက်များယူဆောင်ကာ ထောင်ဖောက်ထွက်ပြေး

ဟေတီတွင် အစောင့်ကို သတ်ပြီး ထောင်သား တစ်ရာကျော်က လက်နက်များယူဆောင်ကာ ထောင်ဖောက်ထွက်ပြေး

ပို့အောပရင့်စ်၊ အောက်တိုဘာ ၂၃ ။        ။ ဟေတီနိုင်ငံ မြောက်ပိုင်းအကျဉ်းထောင်တစ်ခုတွင် အောက်တိုဘာ ၂၂ ရက်က အကျဉ်းသားတစ်ရာကျော်က အစောင့်တစ်ဦးကို သတ်ပြီး လက်နက်များ ခိုးဝှက်ယူဆောင်ကာ ထောင်ဖောက်ထွက်ပြေးကြောင်း အာဏာပိုင်များက ပြောသည်။

လွတ်မြောက်ထွက်ပြေးသွားသူ အကျဉ်းသား ၁၇၄ ဦးရှိပြီး ၎င်းတို့အား လိုက်လံဖမ်းဆီးရေးအတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့၏ အထောက်အပံ့ဖြင့်   ဟေတီအာဏာပိုင်များက ဆောင်ရွက်လျက်ရှိသည်။

အကျဉ်းထောင်မှ လာလမ်းအားလုံးတွင် ရဲဌာနက စစ်ဆေးရေးဂိတ်များထားပြီး အမှတ်အသားကတ်ပြားမပါသူ တစ်ချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ အာကာဟိုင်းအကျဉ်းထောင်တွင် ထောင်အဝတ်အစား မဝတ်ဆင်ရသူ အကျဉ်းသား ၂၆၆ ဦးရှိရာ ထောင်ဖောက်ထွက်ပြေးရန် လွယ်ကူပြီး အပြင်တွင် အလွယ်တကူ ရောနှောလိုက်နိုင်သည်။

ထောင်အတွင်း ရေချိုးချိန်၌ ဖြစ်ပွားသည့် ယခုထောင်ဖောက်စဉ်က အကျဉ်းသား ၁၁ ဦးကို ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက ပြောသည်။ ထောင်သားများက အစောင့်များကို ဓားစာခံထားကာ လွတ်လမ်းရှာ ထွက်ပြေးခြင်းဖြစ်ကြောင်း၊ အခြားလက်နက်များနှင့်အတူ အနည်းဆုံး ရိုင်ဖယ်ငါးလက်ကိုလည်း ရယူသွားကြောင်း သိရသည်။ အစောင့်တစ်ဦးက ပစ်သတ်ခံရကာ သေဆုံးသည်။

ထောင်နံရံအား ကျော်တက်စဉ် ထောင်သားတစ်ဦး ပြုတ်ကျကာ သေဆုံးကြောင်း တရားရေးဝန်ကြီးက ပြောသည်။

“အစောင့်တစ်ဦး ပစ်သတ်ခံရပြီး သေဆုံးပါတယ်။ ထောင်သားသုံးဦး ဒဏ်ရာရတယ်။ တစ်ဦးကတော့ နံရံကျော်တက်ချိန် ပြုတ်ကျပြီး ဒဏ်ရာကြောင့် သေဆုံးတာဖြစ်ပါတယ်။”ဟု တရားရေးဝန်ကြီးက ဆိုသည်။

ထိုသို့ ထောင်ဖောက်မှုဖြစ်စဉ်ကြောင့် ဟေတီရှိ အမေရိကန်သံရုံးက သတိပေးချက်ထုတ်ထားပြီး ၎င်းနိုင်ငံသားများအား ယင်းအရပ်ဒေသသို့ သွားရောက်ခြင်းမပြုရန် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required