တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် ဘာပြောသလဲ

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် ဘာပြောသလဲ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံမှာ အခွန်အကောက်အများဆုံးပေးသွင်းတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၁၅၈ခုက လုပ်ငန်းရှင်ကြီးတွေကို ဖိတ်ခေါ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ အခွန်အကောက်ပေးသွင်းကြဖို့နဲ့ ကိုယ်ကျိုးအတွက်ကြည့်ခဲ့တဲ့ ခရိုနီတွေအနေနဲ့ လက်ရှိမှာ အများအကျိုးဆောင်ရွက်ကြဖို့စသဖြင့် မိနစ် ၃၀နီးပါးကြာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပြည့်အစုံကို မဇ္ဈိမပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

………………………………..

တွေ့ဆုံပွဲလုပ်ရတဲ့အကြောင်းရင်းကတော့ စနစ်တခုပြောင်းသွားတဲ့အခါကျရင် စီးပွားရေးစနစ်လည်း ပြောင်းရမယ်။ စီးပွားရေးစနစ်ပြောင်းတဲ့အခါကျရင် အရင်တုန်းကလုပ်နေတဲ့ စီးပွားရေးသမားတွေအတွက် နေရာမှ ရှိပါ့မလားဆိုတဲ့ ပူပန်သောကတွေလည်း ရှိပါတယ်။ ကျွန်မတို့ကတော့ အားလုံးကို ကြိုဆိုပါတယ်။

နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးမှုမှာ ပါဝင်ပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။
အရင်တုန်းကအတိတ်ကို ပြန်ပြီးတော့ ကြည့်တာမဟုတ်ဘဲနဲ့ အနာဂတ်ကိုမျှော်တဲ့ မူဝါဒမျိုးနဲ့ ကျွန်မတို့က ဆက်ပြီးတော့ ဆောင်ရွက်သွားချင်တာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်သွားတဲ့နေရာမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေသာမက ပြည်ပမှာရှိတဲ့မိတ်ဆွေများ၊ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။
နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာဟာ အားလုံးဝိုင်းပြီးတော့ရုန်းမှ ဖြစ်ပါလိမ့်မယ်။

စီးပွားရေးမူဝါဒနဲ့ပတ်သက်လို့ရှိရင် အမျိုးမျိုးပဲ မေးမြန်းတာတွေရှိကြပါတယ်။
မကြာခင်တုန်းက ကျွန်မကို ပြောပါတယ်။ ဘာတွေကို ဦးစားပေးမှာလဲ၊ ဘယ်မူဝါဒတွေကို ဦးစားပေးမှာလဲ။ ဘယ်အချက်အလက်တွေကို အရေးကြီးအနေနဲ့ မြင်သလဲဆိုပြီးတော့ မေးတဲ့အခါမှာ ကျွန်မကနေပြီးတော့ ဒီမေးခွန်းတွေကိုဖြေဖို့ စဉ်းစားပါတယ်။ စဉ်းစားပြီးတော့လည်း ဖြေပါတယ်။ အမှန်ပြောရရင် ကျွန်မပေးတဲ့အဖြေတွေကို မကျေနပ်ပါဘူး။

သေသေချာချာပြန်ပြီးတော့ စဉ်းစားတယ်။ ကျွန်မတို့နိုင်ငံအတွက် တစ်ကယ့်အရေးကြီးကိစ္စက ဘာလဲ။ ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမယ့်အချက် တစ်ချက်ထဲပြောပါဆိုရင် ဘယ်အချက်ကို ပြောမလဲဆိုတာ သေသေချာချာစဉ်းစားလိုက်တဲ့အခါကျတော့ ခေါင်းထဲမှာပေါ်လာတာတော့ တစ်ကယ်ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးအချက်ကတော့ ပြည်သူ၊ ပြည်သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ။

အဲ့ဒါကို အခြေခံပြီးမှသာ ကျွန်မတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။

ကျွန်မတို့ပြည်သူတွေရဲ့ အစွမ်းအစအရည်အချင်းကို အဓိကအားကိုးတဲ့စနစ်မျိုးသာလျှင် ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ်လို့ ကျွန်မခေါင်းထဲမှာ ဒီလိုပဲ ရောက်လာပါတယ်။

အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့နိုင်ငံအတွက် မျှော်မှန်းချက်အိပ်မက်စိတ်ကူးလေးတွေကို တချို့ပြောချင်ပါတယ်။
ကျွန်မတို့နိုင်ငံဟာ တချိန်တခါတုန်းက အလားအလာကောင်းတဲ့နိုင်ငံဆိုပြီးတော့ ထင်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီလိုသတင်းဟာလည်း မှေးမှန်သွားခဲ့ပါတယ်။

ဒါပေမယ့် အချိန်ကာလဆိုတာ အမြဲပဲပြောင်းနေပါတယ်။ ပြောင်းနေတာနဲ့အမျှ ကျွန်မတို့အခွင့်အရေးသစ်တွေဆိုတာလည်း အမြဲပဲပေါ်ထွက်နေပါတယ်။

ဒီအခွင့်အရေးသစ်တွေကို အသုံးချပြီးတော့ ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက် ဝိုင်းပြီးတော့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မျှော်လင့်ရုံနဲ့မကပါဘူး။ ကြိုးစားမှ၊ အလုပ်လုပ်မှ၊ စိုက်ထုတ်မှ ကျွန်မတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်မတို့အစိုးရသစ်ရဲ့ အခြေခံမူဝါဒတွေထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတာကို ထိပ်တန်းကထားပါတယ်။ တချို့က ဒီဟာကို သိပ်ပြီးတော့ နားမလည်ပါဘူး။

တရားဥပဒေစိုးမိုးရေးဆိုတာ တရားဥပဒေနဲ့ဘောင်ခတ်ထားတယ်လို့ နားလည်ကြပါတယ်။ တစ်ကယ်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘောင်ခတ်တာ မဟုတ်ပါဘူး။ အထောက်အကူပြုတာပါ။

ကျွန်မတို့အားလုံးအတွက် လုံလုံခြုံခြုံနဲ့တိုးတက်စေဖို့အတွက် အထောက်အကူပြုတဲ့အရာ ဖြစ်ပါတယ်။ အဲ့ဒါကို ပြည်သူ၊ ပြည်သားများအားလုံး နားလည်စေချင်ပါတယ်။

အထူးသဖြင့် ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်ကြီးများအားလုံးကိုလည်း နားလည်စေချင်ပါတယ်။

တရားဥပဒေစိုးမိုးရေးဆိုတာ လုပ်ငန်းရှင်များအတွက်လည်း အထောက်အကူအများကြီး ဖြစ်နိုင်ပါတယ်။
လုပ်ငန်းရှင်များအနေနဲ့ လုံလုံခြုံခြုံ၊ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ရဲ့စီးပွားရေးအောင်မြင်ဖို့အတွက် ကိုယ့်ရဲ့စီးပွားရေးကနေတဆင့် ကိုယ့်ရဲ့ နိုင်ငံတိုးတက်ဖို့အတွက် လုပ်ပေးနိုင်မယ့်အခွင့်အရေးတွေကိုပေးမယ့် မူဘောင်ချခြင်းဆိုတာဟာ တရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်။

ကျွန်မတို့ တကယ်တရားဥပဒေစိုးမိုးရေးရှိတဲ့နိုင်ငံမှာဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ဖို့ဟာက အခက်အခဲရှိမှာ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို တဆင့်ချင်း၊ တဆင့်ချင်း ကျော်လွှားနိုင်လာပြီလို့ ကျွန်မမြင်ပါတယ်။

ပထမ(၆)လဟာ ကျွန်မတို့မျှော်မှန်းသလောက် စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် မတိုးတက်ဘူးဆိုတာတော့ ကျွန်မပွင့်ပွင့်လင်းလင်းပဲ ဝန်ခံချင်ပါတယ်။ ဒီလိုမရှိခဲ့တဲ့အကြောင်းတွေက တော်တော်များများရှိပါတယ်။

ဒါတွေကိုလည်း ကျွန်မတို့ရဲ့ စီမံ/ဘဏ္ဍာဝန်ကြီးအနေနဲ့လည်း အတိုင်းအတာတစ်ခုအထိ ရှင်းပြသွားမယ်လို့ ကျွန်မနားလည်ပါတယ်။

ကျွန်မတို့နိုင်ငံရဲ့ ကျော်လွှားရမယ့်အခက်အခဲတွေကို အားလုံးဝိုင်းပြီးတော့ ကူညီပြီးတော့ ကျော်လွှားပေးစေချင်တဲ့စိတ်စေတနာ ထားစေချင်ပါတယ်။

ကျွန်မတို့စီးပွားရေးနဲ့ပတ်သက်လို့ မူဝါဒချပြီး ဖြစ်ပါတယ်။ ဒီမူဝါဒတွေကို အများကလည်း သိပြီးဖြစ်ပါတယ်။ ဇူလိုင်လမှာ ဒါတွေထုတ်ပြန်တဲ့အခါမှာ တချို့တွေကနေပြီးတော့ သိပ်ပြီးတော့ ယေဘုယျဆန်လွန်းတယ်။ ပိုပြီးတော့ တိတိကျကျ ဘယ်လိုဆက်ပြီးတော့ လုပ်နိုင်မလဲဆိုတာကို သိချင်ပါတယ်ဆိုတာကြောင့်မို့လည်း ဒီအစည်းအဝေးကို စီစဉ်ရခြင်းဖြစ်ပါတယ်။

ပထမအကြောင်းအရင်းကတော့ အစိုးရသစ်တက်ကတည်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပါမယ်။ စီးပွားရေးလုပ်ငန်းရှင်အားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင်နိုင်ခွင့် အပြည့်အဝရပါလိမ့်မယ်။

အဲ့ဒီပါဝင်နိုင်ခွင့်ကို မှန်မှန်ကန်ကန်နဲ့သုံးပြီးတော့ ပြည်သူ၊ ပြည်သားတွေရဲ့ တိုးတက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ ကူညီကြပါဆိုတဲ့ ကျွန်မတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောချင်လို့ စီစဉ်လိုက်ရတဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ အများစုဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုအားကိုးပြီးတော့ နေကြတယ်ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ ၇၀ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ခေတ်မီအောင်လို့လုပ်ဖို့ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ခေတ်မီတယ်ဆိုတာ အခုခေတ်မဟုတ်ဘူး။ နောင်ခေတ်အတွက်ပါ စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာ အစားအစာဖူလုံရေးဟာ အင်မတန်မှအရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်နေတယ်။ ပိုပြီးတော့၊ ပိုပြီးတော့လည်း တစ်နေ့ထက် တစ်နေ့ အရေးကြီးလာမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း နိုင်ငံရဲ့စီးပွားရေးမူဝါဒကို ချမှတ်တဲ့အခါမှာ နောက်နှစ်အတွက်မဟုတ်ဘူး၊ နောက်(၅)နှစ်အတွက် မဟုတ်ဘူး။ နောင်ဆယ်စုနှစ်တွေအတွက် ကျွန်မတို့စဉ်းစားပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။

အောင်မြင်တဲ့စီမံကိန်းဆိုတာ တစ်နှစ်အတွက်လည်းမဟုတ်ဘူး။ ၅နှစ်အတွက်လည်း မဟုတ်ဘူး။ ၁၀နှစ်အတွက်လည်း မဟုတ်ဘူး။ ဆယ်စုနှစ်တွေ၊ ဆယ်စုနှစ်တွေအတွက် မျှော်မှန်းပြီးတော့ ကျွန်မတို့ ချမှတ်မှ အောင်မြင်နိုင်မှာပါ။

အခုအချိန်မှာ ကျွန်မတို့နိုင်ငံက ဘယ်နေရာမှာ သိပ်ပြီးတော့ ကံကောင်းနေလဲဆိုတော့ ကျွန်မတို့နိုင်ငံကိုကူညီချင်တဲ့ မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများဟာ အင်မတန်မှ များပြားနေပါတယ်။

ကျွန်မတို့ရဲ့တိုးတက်မှုက ကမ္ဘာကြီးရဲ့အောင်မြင်မှုဆိုပြီးတော့ မြင်နေတဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများ၊ မိတ်ဆွေများ ရှိပါတယ်။  ဒါဟာ ကျွန်မတို့အတွက် အင်မတန်မှ ထူးခြားတဲ့ အခွင့်အရေးပါ။

ကျွန်မတို့ရဲ့ အောင်မြင်ခြင်းဟာ ကမ္ဘာ့ရဲ့ အောင်မြင်ခြင်းပဲ။ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အောင်မြင်ခြင်းဟာ ကမ္ဘာ့ပြည်သူ၊ ပြည်သားတွေရဲ့ အောင်မြင်ခြင်းပဲဆိုပြီးတော့ အဲ့ဒီလို သဘောထားတဲ့ မိတ်ဆွေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေရှိနေလို့ ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီးတော့ ဆက်ပြီးတော့ ချီတက်သွားရမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ အစောဆုံးလုပ်တဲ့ကိစ္စတစ်ခုက ဘာလဲဆိုတာဟာ ကျွန်မတို့ရဲ့ မိတ်ဖက်များ၊ ကျွန်မတို့ကို ကူညီမစချင်တဲ့ အဖွဲ့အစည်းများ၊ အလှူ့ရှင်များ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အစီအစဉ်တစ်ခု ချပါတယ်။

အဲ့ဒါကတော့ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဆွေများ၊ မိတ်ဖက်များအားလုံးစုပေါင်းပြီးတော့ ဆွေးနွေးနိုင်တဲ့ အဖွဲ့အစည်းလေးတစ်ခု ကျွန်မတို့ ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းလေးကို ဖွဲ့စည်းပြီးပါပြီ။ အသေးစိတ်ဘယ်လိုဆက်လုပ်မလဲဆိုတာတော့ ဆက်ပြီးတော့ ပြောပါလိမ့်မယ်။

ဒီလို ဘာလို့ဖွဲ့စည်းတာလဲဆိုတာဟာ စောစောက ကျွန်မပြောတဲ့အတိုင်းပဲ။ ကျွန်မတို့ကို ကူညီချင်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံများ၊ လုပ်ငန်းရှင်များ အများကြီးရှိပါတယ်။

ဒါပေမယ့် တစ်ယောက်တစ်ပေါက် လုပ်နေတဲ့အခါကျလို့ရှိရင် အားလုံးတိုင်တိုင်ပင်ပင်၊ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်တာလောက်ကို အရာမရောက်ပါဘူး။

ဒါကြောင့် ဒီလို အဖွဲ့အစည်းဖွဲ့စည်းခြင်းဟာ ကျွန်မတို့နိုင်ငံရဲ့အဓိကလိုအပ်ချက်တွေဟာ ဘာလဲ၊ ဘယ်တွေမှာ တိုးတက်ဖို့လိုလဲ၊ ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်ဘက်ကိုသွားဖို့ လိုလဲ၊ အလုပ်ရှင်ရဲ့ပံ့ပိုးမှုတွေက ဘယ်ကဏ္ဍတွေမှာသုံးဖို့လိုတယ်ဆိုတာကို အားလုံးမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။

ရသမျှအကူအညီများ အထိရောက်ဆုံးဖြစ်အောင်လို့ ဒီလိုအဖွဲ့အစည်းကို ဖွဲ့ရခြင်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကို ကျွန်မအနေနဲ့ ဥက္ကဌအဖြစ်နဲ့ ဦးဆောင်ပြီးတော့ ကျွန်မတို့ရဲ့ စီမံ/ဘဏ္ဍာဝန်ကြီးက ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့ အခု ဘယ်ကဏ္ဍတွေမှာ အလိုအပ်ဆုံးလဲ၊ အကူအညီအလိုအပ်ဆုံးလဲဆိုတာ အားလုံးဝိုင်းဝန်းပြီးတော့ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိရမယ်၊ တာဝန်ယူမှု ရှိရမယ်။ တာဝန်ယူမှုဆိုတာဟာ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ပတ်သက်လို့ တာဝန်ယူမှုမဟုတ်ဘဲနဲ့ အလုပ်ရှင်နိုင်ငံများကလည်း မိမိတို့ရဲ့နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ပတ်သက်လို့လည်း တာဝန်ယူမှုရှိရမယ်ဆိုတာ ကျွန်မတို့လက်ခံပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဘဏ္ဍာငွေကြေးဆိုတာ နောက်ဆုံးတော့ ပြည်သူဆီက လာတာပါပဲ။ ပြည်သူဆီကလာတဲ့ဘဏ္ဍာငွေကြေးမို့လို့ ဒီဘဏ္ဍာငွေကြေးကို ဘယ်လိုပုံစံနဲ့သုံးတယ်ဆိုတာ ပြည်သူ၊ ပြည်သားများဟာ သိပိုင်ခွင့်ရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်လည်း အတိုင်းအတာတစ်ခုထိ ရှိပါတယ်။

အတိုင်းအတာတစ်ခုထိလို့ ကျွန်မပြောချင်တာက ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မှေးမှန်စေချင်လို့ မဟုတ်ပါဘူး။ ပြည်သူအားလုံးကတော့ တသဘောထဲမဟုတ်ဘူးဆိုတော့ ပြည်သူအားလုံးရဲ့တသဘောထဲ မူဝါဒတွေချဖို့ဆိုတာကတော့ ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ အုပ်ချုပ်တဲ့အစိုးရများဟာ ဒီတာဝန်ကို ယူရပါတယ်။

ဒီတာဝန်ကို ယူတဲ့အခါမှာ တာဝန်ယူမှုဆိုတဲ့အသိစိတ်ဓာတ်နဲ့ အမှားအယွင်းရှိလို့ရှိရင်လည်း ခေါင်းခံရမယ်ဆိုတာကို ကျွန်မတို့အားလုံးနားလည်ဖို့ဟာ အရေးကြီးပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်လို့ဆိုလို့ရှိရင် ဘယ်နေရာတွမှာ ပထမဘယ်လိုပုံစံနဲ့ ဖွံ့ဖြိုးဖို့လိုလဲဆိုတာဟာ အလုပ်ရှင်တွေရော၊ ဒီနိုင်ငံမှာရှိတဲ့ နိုင်ငံရေး၊ စီးပွားရေးမူဝါဒကို ဆုံးဖြတ်နေတဲ့ အစိုးရပိုင်းကရော၊ ဒီနိုင်ငံအတွင်းက စီးပွားရေးသမာတွေကောရဲ့ အမြင်တွေကို ကျွန်မတို့လိုချင်ပါတယ်။

အလုပ်ရှင်များလို့ဆိုတဲ့အခါမှာ ပြည်တွင်းအလုပ်ရှင်များကိုလည်း ပါဝင်စေချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ စီးပွားရေးသမားတွေထဲမှာဆိုရင် အင်မတန်မှအောင်မြင်နေတဲ့ စီးပွားရေးသမားတွေရှိပါတယ်။

အခု ဒီအစည်းအဝေးကိုဖိတ်တဲ့အခါမှာ တက်ချင်တဲ့ပုဂ္ဂိုလ်များက များလွန်းလို့ ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ဖိတ်မလဲဆိုတာ ကျွန်မတို့ ဆွေးနွေးတဲ့အခါမှာ အခွန်၊ အကောက်အများဆုံးပေးတဲ့ စီးပွားရေးလုပ်ငန်း ၁၀၀ကို ဖိတ်မယ်ဆိုပြီးတော့ ကျွန်မတို့ပထမဦးဆုံး ဒီလိုပဲဆုံးဖြတ်ခဲ့ပါတယ်။ သို့သော်လည်း တက်ရောက်ချင်တဲ့ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက များတဲ့အခါကျတော့ ကျွန်မတို့ ၁၅၈အထိ တိုးလိုက်ရပါတယ်။ ၁၅၈သော အကောက်ခွန်အများဆုံးပေးသော လုပ်ငန်းရှင်များကိုဖိတ်ဖို့ ကျွန်မတို့ဆုံးဖြတ်ခဲ့ပါတယ်။

အကောက်အခွန်ပေးခြင်းဆိုတာဟာ ကိုယ့်ရဲ့နိုင်ငံကို ထောက်ပံ့ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လည်ပတ်မှု၊ နိုင်ငံတနိုင်ငံရဲ့ အောင်အောင်မြင်မြင်လည်ပတ်မှုဆိုတာဟာ နိုင်ငံရဲ့ ဘဏ္ဍာတော်အခြေအနေအပေါ်မှာ အများကြီး တည်ရှိပါတယ်။

အခွန်အကောက်ပေးခြင်းဆိုတာကို ပြည်သူ၊ ပြည်သားများအားလုံးက ဂုဏ်ယူရမယ့်ကိစ္စပါ။ ဒါဟာ တာဝန်လည်းဖြစ်တယ်၊ ပြီးတော့ ကိုယ့်ရဲ့ ဂုဏ်သရေလည်း ဖြစ်ပါတယ်။ တချို့နိုင်ငံက ပြည်သူ၊ ပြည်သားတွေပြောတဲ့စကားကို ကျွန်မနားထဲမှာ ကြားယောင်ပါတယ်။ ‘ငါတို့က အကောက်အခွန် မှန်မှန်ပေးနေတဲ့ နိုင်ငံသားတွေ’ ၊ ပြောချင်တာက ဒါကြောင်မို့လို့ ငါတို့ဟာ နိုင်ငံသူ၊ နိုင်ငံသားများရသင့်၊ ရထိုက်တဲ့ အခွင့်အရေးတွေအားလုံးကို ရပိုင်ခွင့်ရှိတဲ့သူတွေဆိုပြီးတော့ ဝင့်ကြွားစွာပြောတာကို ကျွန်မကြားဖူးပါတယ်။

ကျွန်မတို့ရဲ့ ပြည်သူ၊ ပြည်သားများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဒီလိုမာနမျိုးထားစေချင်ပါတယ်။ ငါတို့ဟာ အပြည့်အဝ နိုင်ငံတော်ကိုဆောင်ရမယ့်အခွန်တွေကို ဆောင်နေတဲ့ ပြည်သူ၊ ပြည်သားတွေဖြစ်လို့ ငါတို့ဟာ ပြည်သူ၊ ပြည်သားတွေရထိုက်တဲ့ အခွင့်အရေးအားလုံး ရထိုက်တယ်ဆိုတဲ့ မာန်မာနမျိုးကိုတော့ ထားစေချင်ပါတယ်။

ကျွန်မတို့ အခွန်အကောက်နဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ မကြာခနပြောရပါတယ်။ အခွန်အကောက်ပေးခြင်းဆိုတာ ယဉ်ကျေးမှုတစ်ခုပါ။ ဒီဟာက ဥပဒေနဲ့လုပ်ရုံနဲ့ မပြီးပါဘူး။ ဥပဒေက လိုတယ်။ အခွန်အကောက်ဥပဒေတွေရှိတယ်။ သို့သော်ငြားလည်း အခွန်အကောက် ဘာဖြစ်လို့ပေးဖို့ လိုလဲဆိုတာဟာ ပြည်သူပြည်သားတွေက နားလည်ပြီးတော့ လိုလိုလားလားနဲ့ ဒီအခွန်တွေပေးမှသာလျှင် ကျွန်မတို့နိုင်ငံမှာ အခွန်အကောက်ယဉ်ကျေးမှုတစ်ခု ခိုင်မြဲသွားပြီလို့ ပြောလို့ရမှာပါ။

ကျွန်မတို့ အခွန်အကောက်ယဉ်ကျေးမှုထူထောင်ဖို့ဆိုတာဟာ ပထမဦးဆုံး ကျွန်မတို့ရဲ့ အခွန်အကောက်ဥပဒေများဟာ မှန်ကန်ရမယ်။ ပြည်သူပြည်သားများ နားလည်လွယ်ရမယ်။ နောက်ပြီးတော့ ဘာ့ကြောင့် ကျွန်မတို့ အခွန်အကောက်တွေပေးလဲဆိုတာကိုလည်း သဘောပေါက်ရမယ်။

အဲ့ဒီဟာမှာ ကျွန်မတို့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကနေပြီးတော့ ရှေ့တန်းကနေပြီးတော့ ဦးဆောင်လမ်းပြ ဖြစ်စေချင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနဲ့ နိုင်ငံရဲ့ဘဏ္ဍာကို ပံ့ပိုးပေးရတဲ့ ဂုဏ်သရေကို တန်ဖိုးထားစေချင်ပါတယ်။

ကျွန်မတို့ ဘယ်လိုပုံစံနဲ့ ပြည်သူပြည်သားတွေနဲ့ နိုင်ငံကို ပံ့ပိုးနိုင်မလဲဆိုတဲ့စိတ်ဓာတ်နဲ့ ကျွန်မတို့ လုပ်ငန်းရှင်ကြီးများကို ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပံ့ပိုးပေးစေချင်ပါတယ်။

ဒီလို ခေတ်တခေတ်ထွန်းကားပြီးဆိုတဲ့အချိန်မှာ အားလုံးအတွက်လိုအပ်တဲ့အရာ(၃)ခုရှိတယ်လို့ ကျွန်မထင်ပါတယ်။ ပညာရယ်၊ စေတနာရယ်၊ သတ္တိရယ်၊ ဘယ်လိုပုံစံနဲ့ပြောင်းလဲမလဲဆိုတဲ့ ပညာဟာ အားလုံးမှာရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မှန်မှန်ကန်ကန် ဘယ်လမ်းကိုသွားမလဲဆိုတာ ရွေးတတ်မှသာလျှင် ကျွန်မတို့ လမ်းမှန်ပေါ်မှာ ရောက်သွားမှာပါ။ လမ်းမှန်ဟာ ဘယ်လမ်းလည်းဆိုတာ သိရဲ့သားနဲ့ ဒီလမ်းကို သွားချင်တဲ့ စေတနာလည်း ရှိဖို့လိုပါတယ်။

ပြောရမယ်ဆိုရင် ကိုယ့်အကျိုးအတွက်၊ ကိုယ့်အဖွဲ့အစည်းအကျိုးအတွက် ကိုယ့်စီးပွားရေးအကျိုးအတွက်မဟုတ်ဘဲနဲ့ နိုင်ငံ့ရဲ့အကျိုးအတွက် လုပ်ပေးချင်တဲ့စေတနာရှိမှလည်း ဒီလမ်းပေါ်မှာ ကျွန်မတို့ဆက်ပြီးတော့ လျှောက်နိုင်မှာပါ။

ပညာအရ ကျွမ်းကျင်တဲ့ပညာရှင်များ၊ နိုင်ငံတကာက မိတ်ဖက်များက ဘယ်လိုပုံစံနဲ့ ဘယ်လမ်းကိုလျှောက်သင့်တယ်၊ ဘာလုပ်သင့်တယ်လို့ ဘယ်လိုပဲ မူဝါဒတွေချပေး၊ ချပေး ဒီလမ်းကိုသွားချင်တဲ့ စေတနာ မရှိလို့ရှိရင်တော့ ကျွန်မတို့နိုင်ငံအတွက် ပြဿနာတွေ ရှိပါတယ်။

ဒါကြောင့် ကျွန်မတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ပညာပြီးလို့ရှိရင် စေတနာလိုပါတယ်။ ဒီစေတနာနဲ့ဆက်သွားမှသာလျှင် အောင်မြင်နိုင်မှာပါ။

နောက် တတိယအရာကတော့ သတ္တိလိုပါတယ်။ လမ်းသစ်တစ်ခုကိုလျှောက်တယ်ဆိုတာဟာ လမ်းဟောင်းလျှောက်တာထက် အများကြီး သတ္တိလိုပါတယ်။ ကိုယ်လျှောက်လာတဲ့လမ်းဟာ နှစ်ပေါင်းများစွာလျှောက်လာတဲ့လမ်းဆိုတော့ ကိုယ်ကသိနေပြီဆိုတာ့ ပိုပြီးတော့ လွယ်ကူသလို ပိုပြီးတော့ အဆင်ချောသလိုထင်နိုင်ပါတယ်။

သို့သော်ငြားလည်း လမ်းသစ်ကိုလျှောက်ဖို့ အချိန်ရောက်ပြီဆိုရင် ဒီလမ်းသစ်ကိုလျှောက်နိုင်တဲ့သတ္တိတော့ ကျွန်မတို့မှာ လိုပါတယ်။ တချို့က အရင်တုန်းကအတိုင်း ဆက်ပြီးသွားတာကို သတ္တိလို့ ထင်ကြပါတယ်။ ငါတို့ကတော့ စိတ်ထားမပြောင်းဘူးဟေ့၊ အရင်အတိုင်း၊ အရင်အတိုင်းပဲဆိုတာဟာ ဘာမှ ဂုဏ်ယူစရာမဟုတ်ပါဘူး။

ခေတ်သစ်မှာ နိုင်ငံသူ၊ နိုင်ငံသားများ၊ ပြည်သူ၊ ပြည်သားများအားလုံးကို အခွင့်အရေးသစ်တွေ ပေးနေတာပါ။ ဒီအခွင့်အရေးတွေကို စေတနာရှိရှိ၊ သတ္တိရှိရှိနဲ့ မိမိရရဆုပ်ကိုင်ပြီးတော့ ဆက်ပြီးတော့ ကျွန်မတို့နိုင်ငံရဲတိုးတက်မှုအတွက် လုပ်ပေးစေချင်ပါတယ်။

ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုအတွက်ဆိုတာဟာ အားလုံးပါဝင်ဖို့ ဖြစ်ပါတယ်။ အခုခေတ်မှာ အားလုံးပါဝင်ဖို့ကိုသိပ်သုံးကြပါတယ်။ ဒါပေမယ့် ပိုပြီးတော့ တိတိကျကျပြောရမယ်ဆိုရင် ပါဝင်သင့်တဲ့သူများအားလုံး ပါဝင်သင့်တဲ့နေရာကပါဝင်ဖို့ပေါ့။ ဆိုရိုးစကားအတိုင်းပြောရရင် လူမှန်၊ နေရာမှန်ပေါ့။ လူမှန်၊ နေရာမှန်လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။

လူမှန်၊ နေရာမှန်ဆိုတော့ ကျွန်မတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် နေရာမှန်ရှိပါတယ်။ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးဖို့အတွက်၊ တိုးတက်ဖို့အတွက် လုပ်ပေးနိုင်တဲ့ နေရာမှန် ရှိပါတယ်။ ဒီလိုဟာ လုပ်တဲ့အခါမှာ ကျွန်မတို့အားလုံး ဖြောင့်ဖြောင့်မတ်မတ်နဲ့လုပ်ဖို့ လိုပါတယ်။

စီးပွားရေးအောင်မြင်ဖို့ဆိုတာဟာ ယုံကြည်မှုဟာ အဓိကပါပဲဆိုတာ စီးပွားရေးလုပ်ငန်းရှင်ကြီးများ သိပါတယ်။ ယုံကြည်မှုရှိဖို့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ စီးပွားရေးလောကမှာ ဖြောင့်ဖြောင့်မတ်မတ်လုပ်တယ်ဆိုတာက ကမ္ဘာကသိဖို့ လိုပါတယ်။

တိုတိုပြောရမယ်ဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းဖို့ လိုပါတယ်။ အဂတိလိုက်စားမှု ကင်းရှင်းဖို့ဆိုတာဟာ ကျွန်မတို့ ပြည်သူပြည်သားတစ်ယောက်ချင်း၊ တစ်ဦးချင်း လုပ်ငန်းရှင်ကြီးများ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ ကျွန်မတို့ရဲ့ အဖွဲ့အစည်း တစ်ခုချင်း၊ တစ်ခုချင်းပေါ်မှာ အများကြီး မူတည်ပါတယ်။

ဆန္ဒ ဒေါသ၊ ဘယ မောဟ၊ ဒီလို အဂတိလိုက်စားမှုဖြစ်စေတဲ့ဟာတွေကို ထိန်းထားနိုင်တဲ့ဟာတွေကို ထိန်းထားနိုင်တာက ပထမဆုံးကျွန်မပြောသွားတဲ့ တရားဥပဒေစိုးမိုးရေးပါပဲ။ တရားဥပဒေစိုးမိုးရေးရဲ့ အဓိကရည်ရွယ်ချက်တစ်ခုက ဒါပါပဲ။ ဆန္ဒ ဒေါသ၊ ဘယ မောဟ အဂတိလိုက်စားမှုဖြစ်စေတဲ့ စိတ်ဓာတ်များကို ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။

ကိုယ့်ဆန္ဒအရ လုပ်ချင်တိုင်းလုပ်ဖို့ မဖြစ်ဘူး။ ဥပဒေကနေပြီးတော့ ခွင့်ပြုသလောက်ပဲ လုပ်ရမယ်။ မှန်မှန်ကန်ကန် လုပ်ရမယ်။ မျှမျှတတလုပ်ရမယ်။ ဒေါသကို အခြေခံပြီးတော့ တခြားလူကို ထိခိုက်စေချင်လို့ လုပ်လို့လည်း မဖြစ်ဘူး။ ကျွန်မတို့ မှန်မှန်ကန်ကန် လုပ်ရမယ်။ နိုင်ငံတနိုင်ငံလုံးရဲ့ အကျိုးအတွက် အောင်မြင်ဖို့ ကျွန်မတို့ လုပ်ရမယ်။

ကျွန်မတို့ဟာ ဒီမိုကရေစီစနစ်ကို ထူထောင်နေတဲ့ကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာဆိုရင် တရားဥပဒေအတွင်းက မှန်မှန်ကန်ကန် လုပ်တဲ့ပုဂ္ဂိုလ်တွေ ဘယ်သူမှ ကြောက်ရွံ့စရာ မလိုပါဘူး။

အခုဆိုလို့ရှိရင် ကျွန်မတို့ ပထမ(၆)လအတွင်းမှာ စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုဟာ နှေးကွေးတယ်ဆိုပြီးတော့ ဝေဖန်တာတွေ ရှိပါတယ်။ ဒီဝေဖန်ချက်တွေကိုလည်း ကျွန်မတို့ နားထောင်ပါတယ်၊ လက်ခံပါတယ်။ ပိုပြီးတော့လည်း သွက်သွက်လက်လက် ဖွံ့ဖြိုးဖို့လည်း ကြိုးစားပါမယ်။

ကျွန်မတို့လောက် မြန်ချင်တာ ကျွန်မတို့အစိုးရလောက် မြန်ချင်တာ ဘယ်သူမှ မရှိဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ မြန်ဆန်အောင် လုပ်ပေးနိုင်မှသာလျှင် ကျွန်မတို့ ထူထောင်ချင်တဲ့စနစ်ကို မြန်မြန်ဆန်ဆန် အမြစ်တွယ်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကြောက်ရွံမှုရှိဖို့မလိုဘူးလို့ပြောချင်ဟာ အခု ဒီမိုကရေစီစနစ်ထူထောင်လိုက်တဲ့အခါမှာ အဂတိလိုက်စားမှုရှိလို့ရှိရင် ပြည်သူ၊ ပြည်သားများဟာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိနဲ့ တိုင်လို့ရပါတယ်။ ဒီကိစ္စကို အစိုးရပိုင်း၊ ဌာနပိုင်းဆိုင်ရာကို အသိပေးလို့ ရပါတယ်။ ဒီလိုအသိပေးလို့ ကိုယ့်အတွက် ဘာမှအန္တရာယ်မရှိဘူးဆိုတာ ကျွန်မအနေနဲ့ အာမခံချက်ပေးပါတယ်။

သို့သော်ငြားလည်း ကျွန်မတို့ဟာ ပစ်စာတွေကို အားပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်လိုက်လို့ရှိရင် တာဝန်ခံရဲရမယ်။ ကျွန်တော် ဘယ်သူပါ၊ ကျွန်မဘယ်သူပါ၊ အမျိုးသားမှတ်ပုံတင်က ဘယ်လောက်ပါ။ ဘယ်လို၊ ဘယ်လို အဂတိလိုက်စားမှုတွေ ကျွန်မတို့၊ ကျွန်တော်တို့ ကြုံတွေ့ရပါတယ်ဆိုတာကို သက်ဆိုင်ရာဌာနများ၊ ကျွန်မရဲ့ဌာနဖြစ်တဲ့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနရုံးကို ရေးလို့ရပါတယ်။

ဒီလို ရေးလို့၊ တိုင်လို့ရအောင်လို့လည်း အားလုံးကို ဘယ်လိုဆက်သွယ်ရမလဲဆိုတကို သတင်းဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ အောက်ကလူတွေက ကျွန်မကို ပြောကြပါတယ်။ ဝန်ကြီးတွေကတော့ သန့်ရှင်းပါတယ်။ အောက်ကလူတွေကတော့ အရင်အတိုင်း၊ အရင်အတိုင်းပဲတဲ့။ အရင်အတိုင်း၊ အရင်အတိုင်းဆိုရင် ဝန်ကြီးတွေကို အသိပေးရမယ်လေ။

ဝန်ကြီးတွေက ဖြောင့်မတ်သန့်ရှင်းတယ်ဆိုတာ ယုံကြည်လို့ရှိရင် ဝန်ကြီးတွေကို အသိပေးရမယ်။ ဝန်ကြီးတို့အောက်က ဘယ်သူ၊ ဘယ်သူ ဘယ်နေရာမှာဖြင့် ဘယ်လိုလုပ်နေတယ်ဆိုတာကို သတ္တိရှိရှိနဲ့ အသိပေးပါ။ ကျွန်မတို့ဟာ တိုင်တဲ့သူတွေရဲ့နာမည်ကိုလည်း ထုတ်ပြမှာ မဟုတ်ပါဘူး။ သို့သော်လည်းပဲ နာမည်တော့ ခံရမယ်။ ကျွန်တော်၊ ကျွန်မတို့ဟာ ဘယ်သူပါ၊ မှတ်ပုံတင်အမှတ် ဘယ်လောက်ပါဆိုတော့ ပြောရမယ်။ မပြောဘဲနဲ့ တိုင်တယ်ဆိုတာဟာ ပစ်စာမြောက်ပါတယ်။

ကျွန်မတို့ပြည်သူ၊ ပြည်သားများဟာ ကျွန်မတို့နိုင်ငံအတွင်းမှာ အဂတိလိုက်စားမှုပျောက်သွားဖို့အတွက် တဦးချင်း၊ တဦးချင်းမှာ တာဝန်ရှိတယ်ဆိုတာကို လက်ခံပြီးတော့ သိသင့်သိထိုက်တဲ့ဟာကို အထက်အရာရှိများ၊ ဝန်ကြီးများ သိအောင်လို့ အကြောင်းကြားပေးပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံး၊ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒါကြောင့် ကျွန်မအစောပိုင်းမှာ ပြောသွားသလို ကျွန်မတို့နိုင်ငံသူ၊ နိုင်ငံသားတိုင်းရဲ့ အရည်အချင်း၊ တန်ဖိုးကသာလျှင် ကျွန်မတို့နိုင်ငံရဲ့ တိုးတက်မှုဖြစ်စေမှာဆိုတာ ဒါလည်း ပါပါတယ်။ တာဝန်ယူမှုပါပဲ။ မောဟဆိုတာ နောက်ဆုံးကတော့ မသိတတ်တဲ့ကိစ္စပေါ့။ မသိတတ်ခြင်းဆိုတာ ဒါကတော့ လောကီအရ ပြောနေတာပါ။ လောကီအရ၊ ပညာအရ မစုံလင်ခြင်း၊ မသိတတ်ခြင်းဆိုတာဟာကတော့ နိုင်ငံမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ အများကြီး တာဝန်ရှိပါတယ်။

ကျွန်မတို့ရဲ့ ပညာရေးစနစ်ဟာ ဆယ်စုနှစ်ပေါင်းမျာစွာ နောက်ကျကျန်ခဲ့ပါတယ်။ ဒီပညာရေးစနစ်ကို မြှင့်တင်ဖို့၊ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့ဟာ အစိုးရရဲ့တာဝန် ဖြစ်ပါတယ်။ ဒီလိုမြှင့်တင်တဲ့အခါ အနာဂတ်ကို ကြည့်ပြီးတော့ ဆက်သွားချင်ပါတယ်။ ဒါကြောင့် အသက်မွေးဝမ်းကြောင်းပညာကို ကျွန်မအနေနဲ့ အထူးအလေးထားပြီးတော့ တန်ဖိုးထားပြီးတော့ ပိုပြီးတော့ တိုးတက်အောင်လို့ လုပ်ဖို့ ဆန္ဒရှိပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲမှာ အတိုးတက်ဆုံး၊ အသေးဆုံးပေမယ့် အတိုးတက်ဆုံးနိုင်ငံတွေထဲမှာ ဘယ်လိုနိုင်ငံမျိုးပါလဲဆိုတော့ အသက်မွေးဝမ်းကြောင်းပညာကို တက္ကသိုလ်ပညာနဲ့တန်းတူ တန်းတူတန်ဖိုးထားပြီးတော့ အဲ့ဒီတန်ဖိုးကို ပြည်သူလူထုက လက်ခံအောင်လို့လုပ်နိုင်တဲ့နိုင်ငံတွေ ပါပါတယ်။

အသေးဆုံးပေမယ့် အချမ်းသာဆုံးနိုင်ငံများထဲမှာ အသက်မွေးဝမ်းကြောင်းကိုအားပေးတဲ့နိုင်ငံများ ပါနေပါတယ်။ ကျွန်မတို့ရဲ့ အရှေ့တိုင်းနိုင်ငံတွေကတော့ အခုထက်ထိ တက္ကသိုလ်ပညာကို အသက်မွေးဝမ်းကြောင်းပညာထက် အများကြီးပိုပြီးတော့ အလေးထားတာ၊ တန်ဖိုးထားတာ တွေ့ရပါတယ်။ ဒီစိတ်တွေကို ပြောင်းလဲစေချင်ပါတယ်။

ပညာဆိုတာ ဘာလဲ၊ အဲ့ဒီအခြေခံကို ပြန်စဉ်းစားပါ။ ပညာဆိုတာဟာ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့အရည်အချင်းပဲ ဖြစ်ပါတယ်။ ဒီတော့ တက္ကသိုလ်ဘွဲ့တွေ ဘယ်လောက်ပဲ ရထား၊ ရထား အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့အရည်အချင်း မရှိလို့ရှိရင် ပညာမရှိဘူးလို့ ဒီလိုပဲ သတ်မှတ်ရမှာပါ။

ဒီတော့ အသက်မွေးဝမ်းကြောင်းပညာကောင်းကောင်းတတ်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ သူ့ဘဝမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို သေသေချာချာသုံးသပ်ပြီးတော့ ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိပြီဆိုရင် သူဟာ ပညာတတ်ပဲ။

တက္ကသိုလ်ကဘွဲ့တွေ အများကြီးရထားပြီးတော့ အိမ်ကနံရံတွေမှာ ဘွဲ့နှင်းသဘင်တွေမှာ တက်ရောက်ထားတဲ့ ဓာတ်ပုံတွေ အများကြီး ချိတ်ထားပြီးတော့ တကယ်ပြဿနာရှိတဲ့အခါကျတော့ မရင်ဆိုင်နိုင်ဘူး။ တကယ့်ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုလို့ရှိရင် ပညာတတ်လို့ သတ်မှတ်နိုင်ပါ့မလား။ ဒါကို စဉ်းစားစေချင်ပါတယ်။

ပညာတတ်လို့ သတ်မှတ်တဲ့အခါမှာ ကိုယ့်အတွက်ပညာတတ်နဲ့ အများအတွက် ပညာတတ်ဆိုတာလည်း နှစ်ခုခွဲပြီးတော့ မြင်စေချင်ပါတယ်။ တချို့တွေက ကိုယ့်အတွက်တော့ ပညာအများကြီးတတ်ပါတယ်။ ပညာပြတယ်လို့ပဲ ကျွန်မပြောချင်တာပေါ့။ ကိုယ့်အတွက်ကို ပညာပြတာထက် အများအတွက် ပညာရှိတာဟာ ပိုပြီးတော့ တန်ဖိုးရှိပါတယ်ဆိုတာလည်း ကျွန်မတို့ရဲ့ ပြည်သူပြည်သားများနဲ့ လုပ်ငန်းရှင်ကြီးများကို သတိချပ်စေချင်ပါတယ်။

ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ လုပ်ငန်းရှင်ကြီးများအပေါ်မှာ အများကြီး အားကိုးပါတယ်။ အရင် ဒီအစိုးရမတက်ခင်ကတည်းက အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်ဘူးဆိုတာတောင်မှ သိနေတဲ့အသုံးအနှုန်းတစ်ခုရှိပါတယ်။ “ခရိုနီ” ဆိုတဲ့အသုံးအနှုန်းပေါ့။ ကျွန်မတို့ တနိုင်ငံလုံးမှာ ပြန့်ပွားနေပါတယ်။

စီးပွားရေးအောင်မြင်နေတဲ့လူတွေက ခရိုနီတွေ၊ ပြောရမယ်ဆိုလို့ရှိရင် အစိုးရနဲ့ အာဏာရှိတဲ့ပုဂ္ဂိုလ်များနဲ့ မှီပြီးတော့ မိမိတို့ရဲ့အောင်မြင်မှုအတွက် လုပ်တာ၊ တရားဥပဒေဘောင်အတွင်းကလုပ်တာ မဟုတ်ဘူး။ ဒါ အများပြည်သူအတွက်လုပ်တာမဟုတ်ဘူးဆိုတဲ့ ဒီလိုဝေဖန်ချက်တွေ ရှိပါတယ်။

ဒီလိုဝေဖန်ချက်တွေ ကြားရတဲ့အခါမှာ ကျွန်မက စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူးဆိုတာ ကျွန်မတို့ရဲ့ ပြည်သူ၊ ပြည်သားများအချင်းချင်း ဘာလို့ ဒီလောက်စိတ်ဝမ်းကွဲနေကြတာလဲ။ တကယ်ပဲ ကိုယ့်အတွက်ပဲ လုပ်မယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးများ ကျွန်မတို့နိုင်ငံမှာ များနေသလား။ ကိုယ်ကျိုးအတွက်ပဲကြည့်မယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ ကျွန်မတို့နိုင်ငံမှာ များနေသလား။

ဒီလိုဟာမျိုးတွေရှိနေတယ်ဆိုရင် နိုင်ငံ့အတွက် အင်မတန်မှ ဝမ်းနည်းစရာဖြစ်တယ်။ ဒါပေမယ့် ကျွန်မယုံကြည်ချက်တခုက အတိတ်ဆိုတာဟာ ကိုယ့်ကို ချည်နှောင်ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာယူပြီးတော့ ရှေ့ကို ကျွန်မတို့ဆက်သွားနိုင်ရမယ်။

တချိန်တခါတုန်းက ကိုယ့်အတွက်ပဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေက နောင်တချိန်တခါမှာ အများအတွက် မလုပ်နိုင်ဘူးလား။ အများအတွက်လုပ်နိုင်တဲ့အရည်အချင်းတွေ သူတို့မှာ မရှိဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်လုပ်ငန်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစုအတွက်ပဲ စဉ်းစားခဲ့တဲ့ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တတိုင်းပြည်လုံးအတွက် စဉ်းစားနိုင်တဲ့အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလားဆိုတာကို ကျွန်မစဉ်းစားခဲ့ပါတယ်။ ကျွန်မကတော့ ဒါဟာ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။

ဖြစ်နိုင်ဖို့အတွက်လည်း ကျွန်မတို့အခွင့်အရေးတွေပေးပါမယ်။ အခု ရင်းနှီးမြှုပ်နှံမှုဥပဒေကို ကြည့်လိုက်ပါ။ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာဆိုရင် တချို့တွေ ကြိုက်တာလည်းပါမယ်၊ မကြိုက်တာလည်း ပါမယ်။ ဘာပဲလုပ်လုပ် ၁၀၀ရာခိုင်နှုန်းကနေ အားလုံးကြိုက်တယ်။ အားလုံးကနေ လက်ခံတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် တတ်နိုင်သမျှ ကျွန်မတို့နိုင်ငံမှာ မှန်ကန်တဲ့ရင်းနှီးမြှုပ်နံှမှုတွေ ပြည်တွင်းကရော၊ ပြည်ပကရော ဝင်လာအောင်လို့ ကျွန်မတို့ ဒီဥပဒေကို သေသေချာချာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

တချို့က စိတ်ပူတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းတွေအတွက် အခွင့်အရေးတွေ သိပ်ပေးလို့ရှိရင် ပြည်တွင်းက လုပ်ငန်းရှင်များဟာ ပြိုင်နိုင်ပါ့မလား။ ဒီလို စိတ်ပူပန်မှုတွေ မရှိပါနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ သတ္တိရှိပါ။ အခက်အခဲရှိလို့ရှိရင် ကျွန်မတို့ကို အသိပေးပါ။

နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရရဲ့တာဝန်ရှိတာဟာ ပြည်သူပြည်သားများရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ပါ။ ပြည်သူပြည်သားတွေထဲမှာ ကျွန်မတို့ရဲ့ လုပ်ငန်းရှင်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပါပါတယ်။

ကျွန်မတို့အနေနဲ့တော့ ပြည်သူပြည်သားထဲကနေပြီးတော့ ချမ်းသာကြွယ်ဝတာကို ကျွန်မသဘောကျပါတယ်။ ဒါပေမယ့် ချမ်းသာကြွယ်ဝပုံက မှန်ဖို့တော့ လိုတာပေါ့။ အရင်တုန်းက မှန်တာ၊ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ အခု ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် ဆက်ပြီးတော့ လုပ်သွားပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်မတို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့လေးအကြောင်း ပိုပြီးတော့ ပြောပြချင်တဲ့စိတ်ဆန္ဒရှိပေမယ့် အချိန်အကန့်အသတ်ကြောင့်မို့လို့ အခုအချိန်မှတော့ ပြောလို့မရပါဘူး။ ဒါပေမယ့် မကြာမီကာလအတွင်း ဒီအဖွဲ့က ဘယ်လို ဘယ်လိုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်သွားမယ်ဆိုတာကို ကျွန်မတို့ ရှင်းလင်းပြမှာ ဖြစ်ပါတယ်။

အဲ့ဒီအခါကျလို့ရှိရင် ကျွန်မတို့စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွန်မတို့နိုင်ငံကို တိုးတက်စေချင်တဲ့ အလှူ့ရှင်များ၊ မိတ်ဖက်နိုင်ငံများကလည်း အကြံဉာဏ်တွေပေးပါဆိုတာ ကျွန်မတို့က တောင်းခံပါတယ်။ အကြံဉာဏ်သစ်တွေကို ရင်ဆိုင်ဖို့၊ စဉ်းစားဖို့ ကျွန်မတို့ မကြောက်ပါဘူး။ ပြည်သူပြည်သားများ၊ လုပ်ငန်းရှင်များဟာလည်း အတွေးအခေါ်သစ်တွေ၊ အကြံဉာဏ်သစ်တွေနဲ့ ဆက်ပြီးတော့ လုပ်ဖို့ဟာ မကြောက်ကြပါနဲ့။

ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ စိတ်ထဲမှာထားပြီးတော့ ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်…..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required