ကြိုတင်ကြေညာမထားဘဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး အီရတ်သို့ ရောက်ရှိလာ

ကြိုတင်ကြေညာမထားဘဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး အီရတ်သို့ ရောက်ရှိလာ

အောက်တိုဘာ ၂၂ ။                 ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာမှာ အောက်တိုဘာ ၂၂ ရက် အီရတ်နိုင်ငံသို့ ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့ပြီး မိုဆူးလ်မြို့ အိုင်အက်စ် ချေမှုန်းရေး ထိုးစစ်အခြေအနေနှင့် ပတ်သက်၍ အကဲဖြတ်သွားမည် ဖြစ်သည်။

ယခုအခါ အီရတ်တပ်ဖွဲ့ဝင်များသည် အိုင်အက်စ်တို့ ခြေကုပ်ယူထားခဲ့ရာ  မိုဆူးလ်မြို့သိမ်း စစ်ဆင်ရေးကို ဆင်နွှဲနေလျက်ရှိပြီး အောက်တိုဘာ ၂၂ ရက်တွင် ယင်းမြို့အနီးရှိ ကာရာကို့ရှ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလာခဲ့သည်။

ခရစ်ယာန်အများစု နေထိုင်ခဲ့ရာ မြို့အဖြစ် လူသိများသောအဆိုပါ ကာရာကို့ရှ်မြို့တွင် နယ်မြေရှင်းလင်းထားနိုင်ခဲ့ပြီဟု သိရသော်လည်း မိုဆူးလ်မြို့အနီး ချဉ်းကပ်ရာ လမ်းကြောင်းများတွင်မူ အိုင်အက်စ်အဖွဲ့က မိုင်းထောင်ထားမှုများ ရှိနေသည်ဟု သိရသည်။

အိုင်အက်စ် စစ်သွေးကြွများသည် ယခုအခါ အသေခံ ဖောက်ခွဲရေးသမားများ သုံးကာ တိုက်ခိုက်လာနေလျက်ရှိပြီး ယင်းတို့တွင် တစ်ဦးမှာ အီရတ်အစိုးရ တပ်ဖွဲ့ဘက်ခြမ်းသို့ ပေါက်ကွဲစေသော ပစ္စည်းများ တင်ဆောင်ထားသည့် ကားကို အရှိန်မြင့်မောင်းနှင် ဝင်ရောက်ခဲ့မှု ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာမှာ ယခုနှစ်အတွင်း အီရတ်နိုင်ငံရှိ ကန်တပ်ဖွဲ့ဝင်ဦးရေ ပုံမှန်တိုးပွားလာမှုနှင့် ပတ်သက်၍ ကြီးကြပ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

အလားတူ တစ်နှစ်အတွင်း အီရတ်သို့ တတိယအကြိမ်မြောက် ရောက်ရှိလာခဲ့သော မစ္စတာ ကာတာအနေဖြင့် အီရတ်ခေါင်းဆောင်များ၊ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required