အစိုးရသစ်လက်ထက် လူ့အခွင့်အရေး အခြေအနေ ဘာတွေ တိုးတက်လာသလဲ (အပိုင်း ၁)

အစိုးရသစ်လက်ထက် လူ့အခွင့်အရေး အခြေအနေ ဘာတွေ တိုးတက်လာသလဲ (အပိုင်း ၁)

ဒီတစ်ပတ် အစီအစဉ်မှာဆိုရင်တော့ အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ဘယ်လောက်အထိ ရှိလာသလဲဆိုတဲ့ အခြေအနေအပေါ်ကို ကျွန်တော်တို့ သုံးသပ်ပြီးတော့ ဆွေးနွေး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ပါဝင် ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေကတော့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်၊ နောက်ပြီးတော့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ရဲ့ ဒါရိုက်တာ ဒေါ်မွန်မွန်မြတ်၊ နောက်တစ်ယောက်ကတော့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သလို မြန်မာပြည်အခြေစိုက် လူ့အခွင့်အရေး လုပ်ငန်းတွေကို Equality Myanmar အနေနဲ့ ဆောက်ရွက်နေတဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ကို ဆွေးနွေး တင်ဆက်ပေး သွားကြမှာ ဖြစ်ပါတယ်။

မဇ္ဈိမ

မင်္ဂလာပါ ဆရာဆရာမတို့ခင်ဗျာ။ ဆိုတော့ ဆရာ ဦးအောင်မျိုးမင်းခင်ဗျ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာပေါ့နော် ဆရာတို့အနေနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်ရေးအခြေအနေတွေ ဘယ်လောက် အထိ တိုးတက်မှု ရှိလာသလဲဆိုတာကို ဆရာတို့ ဘယ်လိုတွေ တွေ့ရတာမျိုးတွေ ရှိပါသလဲ။ ကျွန်တော် အဲဒီကစပြီးတော့ သိလိုပါတယ်ခင်ဗျ။

ဦးအောင်မျိုးမင်း

အမှုဆောင်ဒါရိုက်တာ၊ Equality Myanmar

ဟုတ်ကဲ့။ ကျေးဇူးပါ။ ယေဘုယျအနေနဲ့ ပြောမယ်ဆိုရင်တော့ တချို့နေရာတွေမှာ တိုးတက်မှုရှိတယ်ဆိုတာကို ကျွန်တော်တို့ ဝန်ခံရပါလိမ့်မယ်။ အထူးသဖြင့် ဒီအစိုးရသစ် တက်လာလာချင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးသွားတဲ့ကိစ္စ ဒါက ကမ္ဘာကလည်း ကြိုဆိုသလို ကျွန်တော်တို့ကလည်း ကြိုဆိုပါတယ်။ နောက်တစ်ခုက တရားဥပဒေနဲ့ ပတ်သက် ပြီးတော့ တရားဥပဒေ ပြန်လည်သုံးသပ်မှုအပိုင်းတွေ လုပ်နေသလို တချို့သော ဥပဒေတွေကို ဒီထက် ပိုမိုအားကောင်းအောင် ပြင်ဆင်တာတွေ အရင်ကတည်းက ရှိခဲ့တဲ့ ဖိနှိပ်တဲ့ ဥပဒေတွေကို ပြောင်းလဲဖို့အတွက် ဖြုတ်သိမ်းတဲ့အရာတွေ ရှိလာခြင်းက ကျွန်တော်တို့အတွက် အရင်တုန်းကလို ကျွန်တော်တို့ အလုပ်အောင်ဖို့ထက် ချုပ်နှောင်ဖို့ ပိုမိုပြီးတော့ လုပ်ဆောင်နေတဲ့ ဥပဒေတွေတချို့ကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အမြဲတမ်းဖြစ်နေတာ ပဋိပက္ခပါ။ ပဋိပက္ခကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ အခက်အခဲတွေ အများကြီး ရှိခဲ့ကြတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်။ အဲဒါကို ဖော်ဆောင်နိုင်ဖို့အတွက် ဒီလိုမျိုး ကြိုးပမ်းမှုတွေ ကျွန်တော်တို့ တွေ့ရတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့အနေနဲ့ လွှတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စီတန်းလှည့်လည်ခွင့် ဥပဒေတွေ ပေါ်လာသလို အဲဒီအပိုင်းမှာ အရင်တုန်းက ပြောလို့မရဘူး။ ပြောလို့ရှိရင် ကျွန်တော်တို့ကို ဥပဒေအရ ပြစ်မှုမြောက်နေတဲ့ အချက်တွေကို ကျွန်တော်တို့ ကာကွယ်မှုတွေ ရှိလာသလို တစ်ချိန်တည်းမှာလည်း ကျွန်တော်တို့တွေ လွတ်လပ်မှုတွေ ရှိလာပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ ပြန်ကြည့်ပြန်တော့လည်း ကျွန်တော်တို့မှာ နိုင်ငံတကာ စံချိန်မှီနိုင်လား ဆိုတော့လည်း အဲလောက်ထိ မမှီသေးပါဘူး။ ကျွန်တော်တို့မှာ လူ့အခွင့်အရေးကြောင်း ပြောရင် ဆင်ခြင်နေရတဲ့ အချက်တွေရှိပါတယ်။ ဒါကတော့ လက်နက်ကိုင် ပဋိပက္ခအကြောင်း ပြောမယ်ဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေအကြောင်း ပြောဖို့ ခက်ခဲနေတာတွေရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီမှာ အရင်ကထက် လူ့အခွင့်အရေးနဲ့ ပက်သက်လို့ လုံခြုံရေးနဲ့ ပတ်သက်လို့ ရှေးရိုးစွဲ ဘာသာရေးတွေအပေါ်မှာ အစွမ်းထက်တဲ့ အကြောင်းအရာတွေကို အခြေခံပြီးတော့ ဝါဒဖြန့်မှုတွေ တိုက်ခိုက်မှုတွေ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် ရာဇဝတ်မှု ထူပြောမှုတွေလည်း ရှိတယ်ခင်ဗျ။ အထူးသဖြင့် ကျွန်တော်တို့ ပြောမယ်ဆိုရင် ကလေးသူငယ် မုဒိမ်းကိစ္စ ဒီကိစ္စတွေမှာ ကျွန်တော်တို့ အရင်ကထက် ပိုမိုပြီးတော့ များပြားလာတာတွေ ဖြစ်လာတယ်။

တရားဥပဒေနဲ့ ပတ်သက်ပြီးတော့ စီရင်မှုအပိုင်းမှာ အရင်တုန်းကလောက် မဆိုးပေမယ့် သိပ်ပြီးတော့ တိုးတက်ပြောင်းလဲလာမှုတော့ မရှိသေးဘူး။ အရင်တုန်းက ပြောနေကြတယ် ငွေများတရားနိုင် အခုကျတော့ ပြောင်းလဲလာသော ငွေနည်း တရားရှုံးဆိုတဲ့ အသွင်ပဲ ပြောင်းသွားတဲ့ဟာမျိုးပဲ ရှိတယ်။ ဒါက ယေဘုယျ သုံးသပ်ချက်ပါ ခင်ဗျာ။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျာ။ ဆိုတော့ ဆရာမ မွန်မွန်မြတ်တို့အနေနဲ့ရော လူ့အခွင့်အရေး ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဒီကာလတွေအတောအတွင်းထဲမှာ ဆရာမတို့ အနေနဲ့ဆိုရင်ရော ဘယ်လိုတိုးတက်လာတာကို ကြုံရသလဲ။ တွေ့ရသလဲ။ ဒါမှမဟုတ်ရင် ဆုတ်ရုပ်မှုတွေရော ရှိလား။ ဒီအပေါ်ကို ဆရာမအနေနဲ့ ဘယ်လိုမျိုးများ သုံးသပ်လို့ရနိုင်မလဲခင်ဗျ။

ဒေါ်မွန်မွန်မြတ်

ဒါရိုက်တာ၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်။

ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်။ လူ့အခွင့်ရေး လူ့ဂုဏ်သိက္ခာအနေနဲ့ဆိုရင် ကျွန်မတို့က ပွဲတော်တစ်ခုအနေနဲ့ သက်သက်ကြီး လုပ်ခဲ့တာမဟုတ်ဘူးပေါ့နော်။ ဒီ ၂၀၁၀ နောက်ပိုင်းမှာ ဖြစ်လာတဲ့ နိုင်ငံရေးအရွေ့နဲ့ လိုက်ပြီးတော့ ပါဝင်ပြီးတော့ အဟန့်အတားတွေကို တိုးဖု့ိ ကြိုးစားကြည့်တာပေါ့။ ဘယ်လောက်ထိလုပ်လို့ရသလဲ ဘယ်လောက်အထိ နေရာရှိသလဲဆိုတာကို စမ်းသပ်ဖို့ရာအတွက်ပေါ့နော်။ အဲတော့ ဒီဟာကို ကျွန်မတို့ ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၂-၁၃ လောက်က လုပ်ခဲ့တဲ့အနေအထားနဲ့ အခုလက်ရှိအနေအထားနဲ့ ဆိုရင်တော့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောလို့ရပါတယ်။ ဥပမာဆိုပါစို့ ဒါကလည်း အချိန်ကာလ တစ်ခုပေါ့နော်။ အစိုးရသစ် တက်ပြီးခါစ ကာလ အခု ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာကာစနဲ့ အခု အစိုးရတက်ပြီးနောက် ကာလတစ်စုံတစ်ရာနဲ့ မတူပါဘူး။ ဥပမာဆိုပါစို့ ကျွန်မတို့ ပြီးခဲ့တဲ့ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တဲ့ အချိန်ကဆိုရင် အစိုးရသစ် တက်ပြီးတော့ ရက် ၁၀၀ မပြည့်သေးဘူး။ အဲဒီတုန်းက ကျွန်မတို့ရဲ့ ဖွင့်ပွဲမှာပြမယ့် ရုပ်ရှင်ကို ကျွန်မတို့ ပိတ်ပင်ခံရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနေအထားပေါ့ မီဒီယာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေရဲ့ Decision Made key level ရဲ့ စွက်ဖက်မှုတွေ အများကြီး တွေ့ရတယ်။ ဆိုတော့ အဲဒီဟာတွေအားလုံးက ဘယ်လိုပြောမလဲဆိုတော့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို စွက်ဖက်နေတဲ့ ဌာနတွေ ဝန်ကြီးဌာနတွေ ရှိနေသေးတယ်ဆိုတာကို တွေ့ရတာပေါ့နော်။

ဒါပေမယ့် အဲဒီ ရက် ၁၀၀ နောက်ပိုင်းမှာ ဘာတွေပြောင်းလဲလာသလဲဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတွေကို MRTV မှာ ပြသခွင့် ရလာတာမျိုး။ ဒါတွေက ကျွန်မတို့ ကြိုဆိုရမယ့် ကိစ္စတွေပါ။ အဲသလိုမျိုးပဲ မနှစ်ကအထိ ကျောင်းတွေ တက္ကသိုလ်တွေထဲမှာ လူ့အခွင့်အရေး ရုပ်ရှင်တွေ ပြသဖို့အတွက် အခက်အခဲတွေ တွေ့ခဲ့ရတယ်။ အဲဒါဆိုလို့ရှိရင် နှစ်လသုံးလအတွင်းမှာပဲ ရုပ်ရှင်ပွဲတော်ပေါင်း ၂၅ ခုလောက် တက္ကသိုလ်တွေထဲမှာ လုပ်ပြီးသွားပြီ။ ကျောင်းသားသမဂ္ဂတွေနဲ့ ပေါင်းပြီးတော့ လုပ်ခွင့်ရလာပါပြီ။ ဒါတွေက ကျွန်မတို့ ကြိုဆိုရမယ့် တိုးတက်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပဲ စောစောကပြောတဲ့ ကန့်သက် အဟန့်အတားတွေကတော့ ရှိနေဆဲပါပဲ။ ကျွန်မတို့ အဲဒါတွေက ဘယ်မှာသွားတွေ့မလဲဆိုတာတော့ ခရီးသွား ရုပ်ရှင်ပွဲတော်တွေ သွားတဲ့အခါမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေဆီမှာ ခွင့်တောင်းရတဲ့အခါမှာ တွေ့လာတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးပေါ်မှာ သိမြင်ထားတဲ့ နားလည်ထားတဲ့ အနေအထားအပေါ် မူတည်ပြီးတော့ ကျွန်မတို့ရဲ့ ပါမစ်ရှင်တွေ ငြင်းပယ်ခံရတာမျိုးတွေ ရှိနိုင်တယ်။ ရွေ့ဆိုင်းခံရတာတွေ ရှိတာပေါ့ ဒါတွေကတော့ ကျွန်မတို့ နည်းနည်းကြာလာမှ သိရတဲ့ကိစ္စတွေပါ။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျာ။ ဆရာ ဦးရောဘတ်ဆန်းအောင်ခင်ဗျ လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းရဲ့ သုံးသပ်ချက်အရဆိုရင် လူ့အခွင့်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တရားစီရင်ရေးအရ ပြောင်းလဲမှုတွေ ရှိလား။ ပြောင်းလဲမှုတွေက ဘယ်လိုမျိုးလဲဆိုတော့ အရင်တုန်းကတော့ ငွေများတရားနိုင်၊ အခု လက်ရှိမှာတော့ ငွေနည်း တရားရှုံးဆိုတဲ့ အခြေအနေမျိုး ပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုတဲ့ သဘောမျိုး ဆရာဦးအောင်မျိုးမင်းကတော့ သုံးသပ်သွားပါတယ်။ ဆိုတော့ ဆရာ့အနေနဲ့ဆိုရင်ရော လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ တရားစီရင်ရေး အပိုင်းတွေမှာဆိုရင်ရော ဆရာတို့အနေနဲ့ ဘယ်လို သုံးသပ်လို့ ရနိုင်မလဲခင်ဗျ။

ဦးရောဘတ်ဆန်းအောင်

တရားလွှတ်တော် ရှေ့နေ။

ကျွန်တော်တို့ဆီမှာက ဘယ်လိုဖြစ်နေလဲဆိုရင် ပေါင်ချိန်ရှိပြီးတော့ ကျန်ကျောင်းမရှိလို့ ဒုက္ခရောက်နေတယ်။ တရားစီရင်ရေးမှာ တရားရုံးတွေရဲ့ ပြောင်းလဲမှုက ၂၅ ရာခိုင်နှုန်းထက် မပိုဘူး။ အရင်အတိုင်းပဲ နိုင်ငံရေးနဲ့ ပတ်သက်လာတဲ့ကိစ္စတွေ ဥပမာ တပ်မတော် အကြီးအကဲနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် အဲဒီလူ အာမခံလည်းမရဘူး။ ဘယ်လောက်ကြီးပဲပြောပြော မရဘူး။ အဆုံးသတ်ခရီးကလည်း ပြစ်ဒဏ်ကျတာပဲ။ ဆိုတော့ တရားရေးနယ်ပယ်က အောက်ခြေမှာ ဖြစ်ပျက်နေတာကို အပေါ်အဆင့်တွေကနေ မတည့်မတ်ပေးနိုင်တဲ့အတွက် အခု ကိုထင်ကျော်တို့ မနေ့က ဖြစ်တဲ့ကိစ္စတွေက အဲဒါပဲ။ မြောက်ဥက္ကလာက မှားလိုက်တဲ့အမှားကို ခရိုင်က မပြင်လိုက်တော့ ဟိုက ပိုပြီးတော့ စိတ်ခံစားချက်တွေ ဖြစ်သွားတယ်။ အမှန်မှာက အောက်ခြေကဖြစ်တဲ့ကိစ္စကို အပေါ်က တည့်မတ်ပေးရမယ်။ ပြည်နယ်နဲ့တိုင်းရယ် ဒီ နေပြည်တော် တရားလွှတ်တော်ချုပ်တို့ အဆင့်မှာ သက်တော်ရှည် တရားသူကြီးတွေ ရှိနေတာကလည်း အခက်အခဲ ရှိနေတယ်။ အဲတော့ သူတို့ကို ကာလကန့်သက်ချက်နဲ့ ခန့်ထားသင့်တယ်။ နောက်ပြီးတော့ တရားသူကြီးတွေရဲ့ အမှားကို အရေးယူရေးကိစ္စ တင်လာရင် အပေါ်တွေက ခွင့်ပြုသင့်တယ်။ အခု တိုင်းတစ်ခုမှာ တိုင်းပြည်နယ်အဆင့် တရားသူကြီးတစ်ယောက်က ထွက်ချက်မရှိပဲနဲ့ ထွက်ချက် ဖန်တီးပြီးတော့ အမိန့်တစ်ရပ် ပြုလုပ်တဲ့ကိစ္စက အရေးယူရေးဟာ ယနေ့ ငါးလလောက် ရှိလာပါပြီ ဘာမှ မထူးလာပါဘူး။ အဲတော့ တရားစီရင်ရေးမှာက တရားသူကြီးတွေ လုပ်ချင်တာလုပ်ခွင့် လိုင်စင်ထုတ်ပေးသလို ဖြစ်နေတယ်။

ဒီ တရားရုံးကို အမှုတင်တဲ့ ရဲတို့ တရားစွဲတဲ့ အဖွဲ့အစည်းတွေကလည်း သက်ငယ် မုဒိမ်းကိစ္စတွေမှာ အလျင်စလို ပြီးစလွယ် ဖြစ်ကလက်ဆန်း တင်တယ်။ အဲတော့ ပြည်သူလူထုအတွင်းမှာ မကျေနပ်မှုတွေ ဖြစ်လာတယ်။ တိုင်းပြည် အေးချမ်းမှုကို တော်တော်ထိခိုက်တယ်ဗျ။ ဆိုလိုတာကတော့ လူ့အခွင့်အရေးပိုင်းမှာ ကျင့်သုံးဖို့က တရားရေးနယ်ပယ်မှာ မှန်ကန်မျှတမှုအဆင့်ကို မရောက်သေးဘူး။ ရောက်ဖို့ မျက်နှာသစ်နေတုန်း အဆင့်မှာပဲ ရှိနေသေးတော့ ဆက်ပြီးတော့ ဒီဒဏ်ကို ပြည်သူတွေ မခံစားရအောင် လွှတ်တော်နှစ်ရပ်က ဥပဒေသစ်တွေကို အမြန်ဆုံး ပြဌာန်းပြီး ဆောင်ရွက်မှ ဖြစ်မယ်။

နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်လို အိမ်ခြံမြေ ပွဲစား ကော်မရှင်မျိုးကိုလည်း တစ်ခါတည်း သုတ်သင်ရှင်းလင်းပစ်ရမယ်။ တစ်ယောက်မှ ထားလို့မရဘူး။ ထားရင် ရောဂါ ကူးစက်ဦးမှာပဲ။ အဲတော့ အဲလိုဟာမျိုးကို မထားပဲနဲ့ တကယ် လူ့အခွင့်အရေးကို တက်တက်ကြွကြွနဲ့ လုပ်နေတဲ့ပုဂ္ဂိုလ်တွေ ဒါမှမဟုတ်ရင်လည်း ဆရာဦးအောင်မျိုးမင်းတို့လို နားလည်တဲ့သူတွေ ကိုယ်တိုင်မလုပ်နိုင်ရင်လည်း သူတို့ကနေပြီးတော့ ရွေးချယ်ပေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ အသစ်ပြန်ဖွဲ့မှ အုတ်မြစ်ကို နွားနို့နဲ့ ဆေးပစ်လိုက်ရမယ့် အဆင့်မျိုးအထိ ဒီ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က ဖောက်ပြန်မှုတွေ အများကြီးလုပ်တယ်။ 

မဇ္ဈိမ

ဆိုတော့ ဆရာဦးအောင်မျိုးမင်းခင်ဗျ အခု ဆရာ ဦးရောဘတ်ဆန်းအောင် သုံးသပ်သွားတဲ့ အခြေအနေတွေအပေါ်မှာ လက်ရှိအစိုးရအနေနဲ့ သူတို့ကြုံတွေ့ရတဲ့ လူ့အခွင့်အရေး အခြေအနေတွေ နိမ့်ကျမှုဆိုင်ရာ အခြေအနေတွေကို သူတို့အစိုးရအနေနဲ့ Reforms လုပ်မယ်ဆိုရင် ဘယ်လိုနေရာမျိုးကနေ စပြီးတော့ လုပ်သင့်တယ်လို့ ဦးအောင်မျိုးမင်း ထင်ပါသလဲခင်ဗျာ။

ဦးအောင်မျိုးမင်း

အမှုဆောင်ဒါရိုက်တာ၊ Equality Myanmar

ကျွန်တော်တို့တိုင်းပြည်က အဖက်ဖက်ကနေ ယိုယွင်းနေတဲ့ တိုင်းပြည်ဆိုတော့ ဘယ်ကနေ စလုပ်ရမလဲဆိုတော့ အကုန်လုံးကို ပြန်လုပ်ရမယ့်သဘော ဖြစ်နေပါတယ်။ လက်ရှိအနေအထားအရ ကျွန်တော်တို့ ကြည့်တဲ့အချိန်မှာ ဒီ နိုင်ငံရဲ့ မဏ္ဍိုင် ၃ ခုထဲမှာဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် တရားစီရင်ရေးမဏ္ဍိုင် တရားဥပဒေပြုရေးမဏ္ဍိုင်မှာဆိုရင် တရားဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်မှာ ပြောတာတွေ ဆိုတာတွေ တင်ပြတာတွေ အားကောင်းလာပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်မှာဆိုရင်လည်း ဒီ ဝန်ကြီးဌာနတွေမှာ ရက် ၁၀၀ စီမံကိန်း ဘယ်လိုလုပ်မလဲဆိုတာကို တင်ပြတာရှိတယ်။ ကျွန်တော်တို့ အခုချိန်ထိ မတို့ထိသေးသော အပိုင်းက တရားစီရင်ရေးအပိုင်းပါ။

ခုနကပြောသလို ကျွန်တော်တို့ ဥပဒေဘယ်လောက်ကောင်းကောင်း ဥပဒေမကျင့်သုံးရင် ဒီဥပဒေက အလကားပါ။ ဥပဒေတွေ ဘယ်လောက်ထိ ခိုင်လုံခိုင်လုံ ဥပဒေကို ကျွန်တော်တို့ စီရင်တဲ့နေရာမှာ ချစားနေရင်လည်း အလကားပါ။ အဲတော့ ခုနက တရားစီရင်ရေးအပိုင်းမှာ ကျွန်တော်တို့ ဒီထက်ပိုပြီး ပြင်နိုင်ဖို့ လိုအပ်ပါတယ်။ ခုနကတော့ ဆရာရောဘတ်ဆန်းအောင် ပြောသွားသလိုပဲ ဆရာပြောသွားတာကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေးအပိုင်းက ကျွန်တော်တို့ မြို့ပိုင်းပေါ့နော်။ တကယ်တမ်း ကျွန်တေ်ာတို့ နယ်ပိုင်းရောက်လေလေ မဏ္ဍိုင်က ပိုပြီးတော့ ပျက်စီးလေလေ ဖြစ်နေတာဖြစ်တယ်။ အထူးသဖြင့် တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ တိုင်းရင်းသားဒေသတွေ အပစ်အခက် ရပ်စဲမှုမရှိဘဲ အခုချိန်ထိ တိုက်ပွဲဝင်နေရတဲ့ စစ်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ ပြည်သူလူထုက တရားဥပဒေရဲ့ စိုးမိုးမှု ကာကွယ်မှု မခံရဘူး။ အဲတော့ တစ်ခုခုဖြစ်လာရင် တိုင်ကြားဖို့ကို မတိုင်ကြားရဲဘူး။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကျူးလွန်တဲ့သူက ပိုပြီးတော့ လက်ရဲဇတ်ရဲ ဖြစ်လာတယ်။ ငါ့ကို လုပ်ခွင့်ပေးထားသလိုပဲ ဖြစ်လာတယ်။

နောက်တစ်ဖက်မှာလည်း တိုင်ကြားခွင့်ရှိတဲ့သူတွေက တရားဥပဒေကို သွားတိုင်လည်း မထူးတော့ပါဘူးဆိုရင် ဒီဥပဒေက ဘယ်လောက်ထိ တိုင်းပြည်မှာ အရေးပါတော့မှာလဲ။ တရားဥပဒေ စိုးမိုးမှုစနစ်ကို ဘယ်သူမှ ယုံကြည်တော့မှ မဟုတ်တော့ဘူး။ အဲတော့ အဲဒီအပိုင်းကို ကျွန်တော်တို့ လုပ်သင့်ပါတယ်။ အခု မကြာင်ခင်က ဒီ မိုင်းရော်ရွာသားတွေကို သတ်ပစ်တဲ့ကိစ္စ စစ်တပ်က ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ စုံစမ်တယ် စစ်ဆေးတယ်။ အပြစ်ပေးတယ်။ နောက်ပြီးတော့ မိသားစုတွေကို ကြားနာခွင့်ပေးတယ်ဆိုတာ ကြိုဆိုသင့်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတစ်ခုက မိုင်းရော်တစ်နေရာတည်းနဲ့ လူငါးယောက်နဲ့ မရဘူးဗျ။ ဖြစ်နေတဲ့ကိစ္စတွေ ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ဖြစ်နေတဲ့ ကချင်အမျိုးသမီးတွေကိစ္စ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေ အဲဒီကိစ္စတိုင်းကို မူအရ ဒါကို လုပ်ခွင့်ပေးပါမယ်။ မူအရ အရေးယူပေးပါမယ်ဆိုတဲ့ စနစ်ဖြစ်မှ တရားဥပဒေကို လူတွေ စိုးမိုးလာမယ်။ လက်ရှိအခြေအနေမှာ ဒါမျိုး မလုပ်မချင်းကတော့ တရားဥပဒေ စိုးမိုးမှုကို မေးခွန်းထုတ်စရာ လူတွေမှာ တရားဥပဒေကို အကူအညီ မတောင်းချင်တဲ့စိတ်မျိုးတွေ ဖြစ်လာသမျှ တိုင်းပြည်က နစ်နာနေဦးမှာပါပဲ။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ ဆိုတော့ ဆရာမ မွန်မွန်မြတ်အနေနဲ့ဆိုရင်တော့ ဆရာမတို့အနေနဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွေကို ကျင်းပပြုလုပ်ပြီးတဲ့ ပြည်သူတွေကြားထဲမှာ လူ့အခွင့်အရေး သိမှုတွေ မြင့်မားလာဖို့ လုပ်နေတယ်လို့လည်း ကျွန်တော်တို့ မှတ်ယူပါတယ်။ ဆိုတဲ့အခါမှာ ဆရာမတို့အနေနဲ့ဆိုရင်ရော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နောက်ခံပြုတဲ့ Real Story တွေ ဟာမျိုးကို ဆရာမတို့အနေနဲ့ ဘယ်လိုမျိုး ထုတ်လုပ် ဆရာမတို့အနေနဲ့လည်း အများကြီး ထုတ်လုပ်ခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒါတွေကို အစိုးရအနေနဲ့ ဒီဟာတွေကို ကြည့်ရှုပြီးတဲ့အခါမှာ ဘယ်လိုတွေ သုတေသန ပြုလုပ်ပြီးတော့ ဘယ်လိုတွေ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအနေနဲ့ ပြုပြင်သင့်တယ်လို့ ဆရာမအနေနဲ့ အကြံပြုပေးပါဦးခင်ဗျာ။

ဒေါ်မွန်မွန်မြတ်

ဒါရိုက်တာ၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်။

ကျွန်မထင်တယ်။ ကျွန်မတို့က ရုပ်ရှင် ၄ နှစ် လုပ်လာတဲ့အခါမှာလေ တကယ်တမ်း ပေါက်သွားတာက နောက်ဆုံးပဲ လူ့အခွင့်အရေး ကော်မရှင်ကြောင့် လူ့အခွင့်အရေးဆိုတာ မြန်မာပြည်မှာ တော်တော်ကိုတွင်တွင်ကျယ်ကျယ် ဖြစ်သွားတာ။ ကျွန်မတို့ကြောင့် ပေါက်တာတော့ မဟုတ်ဘူး။ ကော်မရှင်ကိုတောင် ကျွန်မတို့က ကျေးဇူးတင်ရဦးမယ်။ ဘာလို့လဲဆိုတော့ အခုဆိုလို့ရှိရင် ထားပါတော့ အင်းဝကိစ္စလည်း ပါတာပေါ့နော်။ ဒီလိုမျိုး လူ့အခွင့်အရေးကော်မရှင် အနေအထား သူ့ရဲ့ ရပ်တည်မှုတွေကြောင့်မို့ ဒီစကားလုံးက လူထုကြားမှာ တော်တော်ကြီး တွင်တွင်ကျယ်ကျယ်ဖြစ်သွားတယ်။ အဲသလိုပဲ အိမ်အကူတွေအနေနဲ့လည်း မမြင်ကွယ်ရာ အိမ်တွေရဲ့ထောင့်မှာ ရှိနေတဲ့ အိမ်အကူတွေအနေနဲ့လည်း ငါတို့အခွင့်အရေးကို ဒီလိုချိုးဖောက်ရင် ငါတို့လည်း ဒီလိုလုပ်လို့ရပါလားဆိုတဲ့ အသိတွေ ရှိလာတယ်။ ဆိုတော့ အဲဒီဟာတွေက ဘာကြောင့်လဲလို့ ထင်လဲဆိုတော့ စောစောက မဏ္ဍိုင်လေးခုလုံး ဒီကိစ္စမှာတော့ အထူးသဖြင့်တော့ အချိုးညီညီ လုပ်နိုင်တယ်လို့ ကျွန်မ ယူဆတယ်ပေါ့နော်။ ထောက်တိုင်လေးခုလုံး။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာကလည်း ဒီအကြောင်းကို စနစ်တကျ စုံစမ်းပြီးတော့ ဖော်ထုတ်နိုင်ခဲ့တယ်။ သို့သော်လည်း အခုနောက်ပိုင်းမှာ မီဒီယာက ဖော်ထုတ်လာတဲ့နောက်ပိုင်းမှာ လွှတ်တော်ရော၊ အစိုးရရော၊ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေရော တရားရေးဆိုင်ရာဘက်ကရော အရေးတယူ လုပ်လာတာတွေ ရှိလာတယ်။ အဲဒီအရေးတယူ ပြုလာမှုတွေက စောစောက တပြိုင်တည်းမှာပဲ ဒီ အက်ရှင်ယူတာအပြင်မှာ လူတွေရဲ့စိတ်ထဲမှာက မြင့်သွားပြီ။ ငါတို့ကို ဒီလိုချိုးဖောက်လို့မရဘူး။ ငါတို့ကို ဒီလိုလုပ်ရင် ငါတို့မှာ ငါတို့အခွင့်အရေးရှိတယ်။ ဒီဟာကို ငါတို့ ငုံ့မခံနေပဲ ငါတို့ပြောဖို့ အခွင့်အရေး ရှိလာပြီဆိုတဲ့ဟာတွေ အားလုံးက တစ်နိုင်ငံလုံးက ရှိတဲ့ လူတွေဆီကို ရောက်သွားပြီ။ ဒါတွေက တမင်သက်သက် ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပေမယ့် ကျွန်မတို့ ပြရမယ့် ရုပ်ရှင်တွေထက်တောင် တန်ဖိုးရှိတယ် ပိုပြီး တာသွားသေးတယ်လို့ ကျွန်မကတော့ ယူဆတယ်။

အဲလိုပဲ ကျွန်မတို့ပြသတဲ့ ရုပ်ရှင်တွေမှာလည်း အမြဲတမ်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့သူတိုင်းကို ကျွန်မတို့ရဲ့ မိတ်ဆွေတစ်ယောက်က ပြောတဲ့စကားကို အမှတ်ရတယ်။ လူ့အခွင့်အရေး ရုပ်ရှင်တွေဆိုတာက ခုနကပြောသလို သားကောင်တွေအကြောင်းကို ရိုက်ပြတဲ့ရုပ်ရှင်တွေဖြစ်ဖို့ မလိုဘူး။ တကယ်တမ်းကြတော့ ဒီသားကောင်တွေ ဖြစ်ပေမယ့် သူတို့ ဒီဟာကို ရှင်သန်နိုင်တယ်။ ဒုက္ခ တွေကို တားဆီးခံပြီး ဒီဟာကို ကြံ့ကြံ့ခံနိုင်တယ်။ ရပ်တည်နိုင်တဲ့ ရှင်သန်တဲ့သူတွေရဲ့အကြောင်းကို ရိုက်ပြတာမျိုးကို ဖြစ်သင့်တယ်ပေါ့။ ဒါမှသာလျင် စောစောက သားကောင်တွေက ငါတို့လည်း ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာ ငါတို့အခွင့်အရေးအတွက် ငါတို့ ရပ်တည်ပြနိုင်မှာဆိုတဲ့ စိတ်တွေ ပြန့်ပွားမှာပေါ့နော်။ ဆိုတော့ အဲဒီဟာတွေ ကျွန်မတို့ ဆက်လုပ်နေပါတယ်။ ဒီလိုမျိုး များများပြနိုင်မယ့် ဒီလိုမျိုး တစ်နိုင်ငံလုံးမှာလည်း လူတော်တော်များများဆီကို ပျံ့နှံ့အောင် လုပ်နိုင်မယ်ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီထက်ပိုပြီးတော့ တက်တဲ့အနေအထားကို ရောက်လာမယ်လို့ ထင်ပါတယ်။

နောက်ပြီးတော့ ကိုအောင်မျိုးမင်းတို့ဆိုရင်လည်း တစ်နိုင်ငံလုံးကို လှည့်ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေ လုပ်နေခဲ့တာလည်း ကာလတစ်ခု ရှိနေခဲ့ပါပြီ။ ဘာပဲပြောပြော လွန်ခဲ့တဲ့ ၂၀၁၀ မတိုင်ခင်က ကာလနဲ့စာမယ်ဆိုရင်တော့ အခု ၂၀၁၆ နဲ့ ၆ နှစ်အတွင်းမှာတော့ ကျွန်မတို့ သိသာ မြင်သာတဲ့ ရလဒ်တချို့တွေ ရှိလာပြီလို့ ယူဆရမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly