နယ်မြေ အေးချမ်းလာပြီဖြစ်၍ မောင်တောခရိုင်ရှိ ကျောင်းများ ပြန်ဖွင့်မည်

နယ်မြေ အေးချမ်းလာပြီဖြစ်၍ မောင်တောခရိုင်ရှိ ကျောင်းများ ပြန်ဖွင့်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၂ ။                   ။ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်သည့်အပြင် သီတင်းကျွတ် ကျောင်းပိတ်ကာလ ပြီးဆုံးသည့် အောက်တိုဘာ (၂၄) ရက်တွင်   မောင်တောခရိုင်အတွင်းရှိ   ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှုုးချုပ် ဦးအောင်သန်းဦးက ပြောသည်။

အောက်တိုဘာ ၂၁ ရက် စစ်တွေမြို့ အစိုးရဧည့်ဂေဟာ အစည်းဝေးခန်းမတွင် ကျင်းပသည့် “ ခေတ္တစွန့်ခွာ လာသူများ အား နေရပ် ပြန်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကူညီပေးမည့် အစီအစဉ်များ ဆွေးနွေးပွဲ”တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောင်းလုံခြုံရေး စိုးရိမ်ရသောကြောင့် သီတင်းကျွတ် ကျောင်းပိတ်ရက်ကို မစောင့်တော့ပဲ အောက်တိုဘာ ၁၀ ရက် တွင် အခြေခံ ပညာကျောင်း ၂၁၉ ကျောင်းကို ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး   ကျောင်းပိတ်ရာသီ ကာလနေရပ်သို့ ခေတ္တပြန်လည် သွားရောက်ကြသည့် ဆရာ/ ဆရာမများကိုလည်း အချိန်မီ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။

“ ၂၄ ရက်နေ့ ပြန်ဖွင့်ပြီလေ ဟုတ်တယ်။ ဖွင့်ရင် အကုန်ဖွင့်မှာပေါ့ ဟုတ်တယ်။ လုံခြုံရေးကတော့ အပြည့်ရှိပါတယ်။ အခု တိုးမြင့်ပြီး ချထားတယ် “ ဟု ရခိုင်ပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ပြောသည်။

မောင်တော ခရိုင်အတွင်း မူလတန်းမှ အထက်တန်းအထိ ဘူးသီးတောင်မြို့နယ်၌ အခြေခံပညာကျောင်း ၂၁၉ ကျောင်း နှင့် ကျောင်းသား၊ ကျောင်းသူ ၅၆၀၀၀ ကျော် ရှိကာ၊ မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၈၃ ကျောင်းနှင့် ကျောင်းသား ကျောင်းသူ ၇၀၀၀၀ ခန့် ရှိကြောင်း ပြည်နယ်ပညာရေး စာရင်းမှတ်တမ်းများအရ သိရသည်။

 “ ဖွင့်မယ်ဆိုတာက မြို့ပေါ်ပဲ ကလေးတွေ စာမေးပွဲဖြေဖို့ဖွင့်တယ်လို့ ကြားတယ်ခင်ဗျ ။ အဲ့တာကြောင့် ကျွန်တော်ပြောတာ ကလေးတွေ စာမေးပွဲဖြေဖို့ဆိုရင် လုံခြုံရေး လိုတာပေါ့။ ဆရာ/ဆရာမတွေနဲ့ ကလေးတွေအတွက် လုံခြုံရေးလိုတယ်။ အရမ်းအရေးကြီးတယ်။ ဒီကိစ္စကလေ “ ဟု မောင်တောမြို့နယ် မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

ရခိုင်နယ်စပ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းများ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် လက်နက် အများအပြား ဆုံးရှုံးခဲ့ရပြီး လုံခြုံရေးအားဖြင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိသောကြောင့် မောင်တောခရိုင်ရှိ အခြေခံပညာကျောင်းများ အားလုံးကို  အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required