ခရိုနီတွေ အများအကျိုးအတွက် မလုပ်နိုင်ဘူးလားလို့ ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

ခရိုနီတွေ အများအကျိုးအတွက် မလုပ်နိုင်ဘူးလားလို့ ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ စစ်အစိုးရလက်ထက်က ကိုယ်ကျိုးအတွက်သာကြည့်ခဲ့သည့် ခရိုနီများကို ရည်ညွှန်းကာ ခရိုနီတွေ အများအကျိုးအတွက် မလုပ်နိုင်ဘူးလားဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များစွာတက်ရောက်သည့် တွေ့ဆုံပွဲတွင် အောက်တိုဘာ ၂၂ရက်က မေးခွန်းထုတ်လိုက်သည်။

“တချိန်တခါတုန်းက ကိုယ့်အတွက်ပဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေက နောင်တချိန်တခါမှာ အများအတွက် မလုပ်နိုင်ဘူးလား။ အများအတွက်လုပ်နိုင်တဲ့အရည်အချင်းတွေ သူတို့မှာ မရှိဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်လုပ်ငန်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစုအတွက်ပဲ စဉ်းစားခဲ့တဲ့ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တတိုင်းပြည်လုံးအတွက် စဉ်းစားနိုင်တဲ့အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလား” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ MICC-2တွင် ၂၀၁၆ခုနှစ် အောက်တိုဘာ ၂၂ရက်က ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များတွေ့ဆုံပွဲအခမ်းအနားတွင် ခရိုနီများကို ရည်ညွှန်းလျက် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အများအကျိုးအတွက် မငဲ့ဘဲ ကိုယ်ကျိုးအတွက်သာကြည့်သည့် စီးပွားရေးလုပ်ငန်းရှင်များ များစွာရှိနေပါက တိုင်းပြည်အတွက် အလွန်ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့ရာတွင် အဆိုပါ ပုဂ္ဂိုလ်များအနေနှင့် လက်ရှိအချိန်တွင် အများအကျိုးအတွက် လုပ်နိုင်မည်ဟု ယုံကြည်သလို လုပ်နိုင်သည့် အခွင့်အရေးလည်းပေးမည်ဟု ဆိုသည်။

“အတိတ်ဆိုတာဟာ ကိုယ့်ကို ချည်နှောင်ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာယူပြီးတော့ ရှေ့ကို ဆက်သွားနိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ပြောသည်။

တွေ့ဆုံပွဲသို့ အခွန်အကောက်အများဆုံးပေးဆောင်သည့် စီးပွားရေးလုပ်ငန်း ၁၅၈ခုမှ လုပ်ငန်းရှင်များကို အစိုးရက ဖိတ်ကြားခဲ့သည်။ တက်ရောက်လာသူများအနက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်(ခ) ဖိုးလပြည့်ကိုလည်း တွေ့ရသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသူ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက “အတ္တဆန်ဆန်မဟုတ်ဘဲနဲ့ အများအတွက် ဝိုင်းလုပ်ကြမယ်ဆိုရင် တိုင်းပြည်ရဲ့ တိုးတက်နှုန်းက ပိုမြန်မှာပေါ့။ အားလုံးကတော့ သူ့နည်းသူ့ဟန်နဲ့ လုပ်ကြတာပဲ။ အန်ကယ်လ်ဆိုရင် ဆောက်လုပ်ရေးကလွှဲလို့ ဒီနေ့ထိ ကားတစ်စီးမှ မသွင်းဖူးဘူး။ ဒီဇယ်၊ ဓာတ်ဆီ တဂါလံ မသွင်းဖူးဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ကြီးပွားသွားတယ်။ အဲ့ဒါကို ခရိုနီဆိုပြီး သတ်မှတ်ခံရတယ်။ တကယ်တော့ ခရိုနီဆိုတာ အပေါင်းအသင်းပဲလေ” ဟု တွေ့ဆုံပွဲအပြီးတွင် မီဒီယာများကို ပြောသည်။

အစိုးရသစ်သက်တမ်း(၆)လအတွင်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလွန်းသည်ဟု ဝေဖန်ချက်များအပေါ် လက်ခံသည်ဟုဆိုကာ ဖွံ့ဖြိုးမှုမြန်ဆန်လာစေရန် ကြိုးစားသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သေးသည်။

“သွက်သွက်လက်လက် ဖွံ့ဖြိုးဖို့လည်း ကြိုးစားပါမယ်။ ကျွန်မတို့လောက် မြန်ချင်တာ ကျွန်မတို့အစိုးရလောက် မြန်ချင်တာ ဘယ်သူမှ မရှိဘူးလို့ ပြောချင်ပါတယ်" ဟု သူမက ဆိုသည်။

အစိုးရသစ်အနေဖြင့် တိုင်းပြည်၏ စီးပွားရေးမူဝါဒများကို ချမှတ်ထားပြီးဖြစ်သလို မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကိုလည်း အမေရိကန်နိုင်ငံက ပြီးခဲ့သည့်လ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

တိုင်းပြည်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အားကိုးသလို တိုင်းပြည်တိုးတက်ဖို့ အခွန်ဆောင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

“အရင်တုန်းက မှန်တာ၊ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ အခု ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် ဆက်ပြီးတော့ လုပ်သွားပါ” ဟု သူမက ဆိုသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly