မုန်တိုင်းငယ်၏ လားရာမှာ ဟိုင်းကြီးကျွန်းသို့ ဦးတည်၊ ၂၄ရက်နေ့ မနက်ဝင် ရောက်နိုင်

မုန်တိုင်းငယ်၏ လားရာမှာ ဟိုင်းကြီးကျွန်းသို့ ဦးတည်၊ ၂၄ရက်နေ့ မနက်ဝင် ရောက်နိုင်
(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ။           ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာပြည်ဘက် ဆက်ရွေ့လာနေပြီး ဟိုင်းကြီးကျွန်းသို့  ဦးတည်လာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမသို့ ပြောသည်။

"ဦးတည်တာတော့ ဟိုင်းကြီးကျွန်းပဲ ဟိုင်းကြီးကျွန်းကို ၂၄ ရက်နေ့ မနက်ပိုင်းလောက်ရောက်မယ်။ အနီးဆုံးဗဟိုချက်ရောက်မယ့်နေရာ ဟိုင်းကြီးကျွန်းနား ရောက်မှာပေါ့လေ" ဟု ဦးထွန်းလွင်က ဆိုသည်။

မုန်တိုင်း၏ စက်ကွင်းအတွင်း၌ ဧရာဝတီတိုင်းတစ်ခုလုံးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့ ကျရောက်နေကြောင်း၊ မုန်တိုင်း ဗဟိုချက်နှင့်အနီးဆုံးဖြစ်သည့် ဟိုင်းကြီးကျွန်းအနီးတဝိုက်တွင် လေတိုက်နှုန်းမှာ အများဆုံး ၄၀၊ ၄၅ မိုင် ခန့်ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ မုန်တိုင်းငယ်သည် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ကူးပြောင်းနိုင်ကြောင်း သိရပြီး လက်ရှိ မုန်တိုင်းငယ်၏အဆင့်ကို လိမ္မော်ရောင်အဆင့်အဖြစ်သတ်မှတ်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် အောက်တိုဘာ ၂၂ရက် နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် (၁၉၇) မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၂၀)ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် မိုင်(၄၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယား မြို့၏ အနောက်မြောက်ဘက် မိုင်(၂၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

၎င်းမုန်တိုင်းငယ်နှင့်ပတ်သက်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly