ဘူးသီးတောင်၊ မောင်တောသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ခွင့်အတွက် လူအခွင့်အရေးအဖွဲ့များ တိုက်တွန်း

ဘူးသီးတောင်၊ မောင်တောသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ခွင့်အတွက် လူအခွင့်အရေးအဖွဲ့များ တိုက်တွန်း

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အစားအစာနှင့် ဆေးဝါးပစ္စည်းများ ကူညီပေးပို့ခြင်းကို တားဆီးထာရာ မွတ်စလင်အများစု ဒေသသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့ခွင့်အတွက် လူအခွင့်အရေးအဖွဲ့များက တိုက်တွန်းသည်။

ရခိုင်ပြည်နယ်အတွင်း ပြည်ပအစ္စလာမ်မစ် အဖွဲ့များ၏ ထောက်ပံ့မှုဖြင့် ခန့်မှန်းခြေ အင်အား ၄၀၀ ရှိသည့် တိုက်ခိုက်ရေးသမားများက အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်နှင့် ရဲဌာနတို့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်မှာ သီတင်းပတ်တစ်ပတ်ကျော်မျှ ရှိပြီဖြစ်သည်။

အောက်တိုဘာ ၉ ရက်တွင် အကြမ်းဖက်သမားက နယ်စပ်နယ်မြေခံရုံးများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းကြောင့် ရဲ ကိုးဦး ကျဆုံးခဲ့ကာ လက်နက်ခဲယမ်းများလည်း အပိုင်စီးခံရသည်။ တပ်မတော်က   ဖြစ်ပွားရာနယ်မြေဒေသကို စစ်ဆင်ရေးဇုန်သတ်မှတ်ထားရသည်။

ကုလသမဂ္ဂကမူ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ယင်းဒေသသို့ လိုအပ်သည့် လူသားချင်းစာနာထောက်ထားရေးအကူအညီများ ပေးပို့နိုင်ခြင်း မရှိဖြစ်နေကြောင်း ပြောသည်။

အကူအညီများအား လိုအပ်သည့်နေရာများသို့ ပေးပို့နိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စုများကလည်း ဆိုသည်။

“နယ်မြေခံရုံးတွေ တိုက်ခိုက်ခံရတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ရှာဖွေရမှာတော့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနယ်မြေဒေသမှာ လိုအပ်တဲ့ အကူအညီပေးပို့တာ၊ ဂျာနယ်လစ်တွေ ဝင်ခွင့်ပြုတာ၊ အခွင့်အရေး   စောင့်ကြည့်သူတွေကို ခွင့်ပြုပေးတာတွေနဲ့ လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာရမှာဖြစ်တယ်။”ဟု နယူးယောက်အခြေစိုက် လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာဒါရိုက်တာ Brad Adams က အောက်တိုဘာ ၂၁ ရက်၌ ထုတ်ပြန်သည်။

ယခုနောက်ဆုံးဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတွင်းက လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှုအခြေအနေအတွက် ပိုမိုဆိုးဝါးစေကြောင်း   နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထုတ်ပြန်သည်။

တိုက်ခိုက်မှုများ အဓိကဖြစ်ခဲ့ရာ မောင်တောမြို့တွင် အစားအစာအကူအညီများ လိုအပ်လျက်ရှိသည့် လူ ၅၀၀၀၀ အတွက် အကူအညီများ ပေးပို့နိုင်ခြင်း မရှိဖြစ်နေကြောင်း၊ လာမည့်သီတင်းပတ် မတိုင်မီတော့ အနီးရှိ ဘူးသီးတောင်သို့ အကူအညီများ ပေးပို့ခွင့် ရရှိမည် မျှော်လင့်ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ပြောသည်။

“ဒီအရပ်ဒေသတွေကို အကူအညီတွေ ပေးပို့နိုင်သေးခြင်း မရှိပေမယ့် လာမယ့်သီတင်းပတ်မကုန်ခင်တော့ လူ ၃၇၀၀၀ နီးပါးအတွက် ပုံမှန်အကူအညီတွေ   ပြန်လည်ပေးပို့နိုင်မယ်လို့   မျှော်လင့်ပါတယ်။ ”ဟု ပြောရေးဆိုခွင့်ရှိသူ Silke Buhr က ရိုက်တာသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly