မောင်တော အကြမ်းဖက်စီးနင်းမှုတွင် ပါဝင်သူ ခြောက်ဦး ထပ်မံ ဖမ်းဆီးရမိ

မောင်တော အကြမ်းဖက်စီးနင်းမှုတွင် ပါဝင်သူ ခြောက်ဦး ထပ်မံ ဖမ်းဆီးရမိ
 

ရန်ကုန်၊  အောက်တိုဘာ ၂၂  ။          ။ တပ်မတော်စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် အောက်တိုဘာ ၁၉ ရက် နံနက်တွင် မောင်တောမြို့နယ်  ငါးခူရကျေးရွာ အနီးတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ ခြောက်ဦးကို ထပ်မံ ဖမ်းစီးရမိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၂၁ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် အောက်တိုဘာ ၂၂ ရက်ထိ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး  ဖမ်းမိထားသူအယောက် ၅၀ ခန့်ရှိသွားပြီဖြစ်သည်။

အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ ဖော်ဝီခန်း(ဘ)ဂျီးနားခန်း၊ ဖော်တိန်ခန်း(ဘ)ဂျီးနားခန်း၊ မာမတ်ရှား (ဘ) မာမတ်ယူရှား၊ ဟာဆောင်းရှာ(ဘ)ခင်မောင်ထွန်း၊ ဟူဆောင်းရှာ (ဘ)ခင်မောင်ထွန်းနှင့်  မာမတ်ဆာဒက်(ဘ) ဒီမာ မတ်တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူ ခြောက်ဦးအား ငါးခူရရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး အဆိုပါနေရာတစ်ဝိုက် အား တပ်မတော်စစ် ကြောင်း မှ နယ်မြေဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲဌာနချူပ် လက်နက်တိုက် စီးနင်းခံရပြီးနောက် လက်နက်မျိုးစုံ ၆၄ လက် နှင့် ကျည် ၁၀၁၄၀ တောင့် ဆုံးရှုံးခဲ့ပြီး ရဲအရာရှိနှင့် တပ်ဖွ့ဲဝင် ၉ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြသည်။

ဆုံးရှုံးသွားသည့် လက်နက်များမှ ၁၃ လက်ကို ပြန်လည် ရရှိထားပြီး ဖြစ်ကာ အားလုံး ပြန်လည်ရရှိရေးနှင့် အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ရေး မောင်တောခရိုင်တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေနေပြီး စစ်ဆင်ရေး ပြုလုပ်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required