ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ဆုံးဖြတ်ရခက်နေဆဲ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ ပိုမိုအာရုံစိုက် လုပ်ဆောင်လာတဲ့ အမေရိကန် သမ္မတလောင်း နှစ်ဦး

ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ဆုံးဖြတ်ရခက်နေဆဲ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ ပိုမိုအာရုံစိုက် လုပ်ဆောင်လာတဲ့ အမေရိကန် သမ္မတလောင်း နှစ်ဦး

အောက်တိုဘာ ၂၂ ။             ။ လာမည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အမေရိကန်သမ္မတလောင်းနှစ်ဦးဖြစ်သော ဟီလာရီ ကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့နှစ်ဦးမှာ ယခုအခါ ဆုံးဖြတ်ရခက်နေဆဲဖြစ်သော မဲဆန္ဒရှင်များကို သိမ်းသွင်းစည်းရုံးနိုင်ရေးပိုင်းကို ပိုမိုအာရုံစိုက်လာခဲ့ကြပြီဖြစ်သည်။

ယခုအချိန်ထိ မည်သူ့ကိုမဲထည့်ရွေးချယ်ရမည်နှင့်ပတ်သက်၍ ချီတုံချတုံဖြစ်နေဆဲ မဲဆန္ဒရှင်များကို သိမ်းသွင်းစည်းရုံးနိုင်ရေးအပေါ် သမ္မတလောင်းနှစ်ဦး အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ကြသည်။

အောက်တိုဘာ ၁၂ ရက်ကတည်းက ကြိုတင်မဲပေးမှုများ စတင်နေခဲ့သည့် အိုဟိုင်းယိုးပြည်နယ် ကလီဗာလန်းသို့ ရောက်ရှိလာစဉ် ဒီမိုကရက်တစ်ဘက်မှ ဟီလာရီက " ခုချိန်မှာ ကျွန်မရဲ့ ပြိုင်ဘက်ကို   ထောက်ခံမဲပေးဖို့ စဉ်းစားကောင်းစဉ်းစားထားသူတွေကို ကျွန်မတစ်ခုပြောချင်ပါတယ်၊ ခုချိန်မှာ ကျွန်မနဲ့ပတ်သက်ပြီး ရှင်တို့တတွေမှာ သံသယမေးခွန်းတွေရှိနေမယ်ဆိုတာ သိပါတယ်၊ ဒါကိုလည်း ကျွန်မဘက်က လေးစားပါတယ်၊ အဲဒီမေးခွန်းတွေကို ကျွန်မဘက်က ဖြေပေးချင်ပါတယ်၊ ရှင်းရှင်းပြောရရင် ကျွန်မ ရှင်တို့အားလုံးရဲ့ မဲတွေကို လိုချင်ပါတယ်" ဟု ပြောကြားသွားသည်။ ကြိုတင် စစ်တမ်းများအရ ထောက်ခံမှုအကြိုက်အနယ်ဖြစ်နေသော ပြည်နယ်ရှိ ဆန္ဒမဲမေးသူများကို ဟီလာရီက သိမ်းသွင်းပြောဆိုသွားခြင်းဖြစ်သည်။

တစ်ဘက်တွင်လည်း ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဖလက်ချာမြို့မှာတော့ သူ့ပြိုင်ဘက် သမ္မတအဖြစ် အရွေးချယ်ခံရရန့် မသမာသည့်နည်းလမ်းများ သုံးထာသည်ဆိုပြီး ဟီလာရီကို စွပ်စွဲပြောကြားသွားခဲ့သည်။ " ဒီပွဲမှာ ကျုပ်တို့နိုင်အောင်လုပ်ကြရအောင်၊ နိုဝင်ဘာ ၈ ရက်မှာပေါ့၊ ကျုပ်တို့ နိုင်မှာပါ၊ ရွေးချယ်စရာတွေတော့ ရှိမှာပဲလေ၊ ဘာပဲဖြစ်ဖြစ် ကျုပ်တု့ိနိုင်ရမယ်" ဟု မဲဆန္ဒရှင်များကို သိမ်းသွင်းပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required