အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာတွင် DPN ကိုစောင့်မည်မဟုတ်ဟု ခွန်​ဥက္ကာ​ပြော

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာတွင် DPN ကိုစောင့်မည်မဟုတ်ဟု ခွန်​ဥက္ကာ​ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။            ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို အပစ်ရပ်စာချုပ် (NCA) ၏လမ်းစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) အနေဖြင့် မပါဝင်နိုင် သေးပါက စောင့်ဆိုင်းသွားမည်မဟုတ်ဟု  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်သည်။

“ ဒါတစ်နှစ်ကျော်မှ အစလုပ်ရသလိုဖြစ်တော့ နောက်ကျတယ်။ အများကြီးနောက်ကျတယ်။ အဲ့ နောက်ကျတဲ့ကြားထဲက ဟိုလူ့စောင့်ပါဦး ဒီလူ့စောင့်ပါဦးဆိုရင် ကျွန်တော်တို့တိုင်းပြည် ဘယ်တော့မှအပြောင်းအလဲတစ်ခုကို ဦးတည်တော့မှာမဟုတ်ဘူး"  ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးမူဘောင်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအစည်းဝေး အပြီးတွင် ၎င်းက  မဇ္ဈိမသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ DPN သည် အပစ်ရပ်လက်မှတ် (NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ တစ်ခုဖြစ်သည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးသည် NCA စာချုပ်ပါအချက်တစ်ခုဖြစ်ပြီး ထိုဆွေးနွေးချက်များကို ၂၁ ပင်လုံညီလာခံတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သောကြောင့် တရားဝင်ပါဝင်ဆွေးနွေးနိုင်ရန် DPN အနေဖြင့် NCA လက်မှတ်ရေးထိုးရန် လိုအပ်နေသည်။

“ DPN  မပါလည်းဆိုတာ မပါနဲ့လို့ ပိတ်ပင်တားဆီး ကာကွယ်လို့မဟုတ်ဘူး။ ပါဖို့အတွက်တံခါးဖွင့်ထားတယ် ဒီမှာ … ဖိတ်ခေါ်တယ် သို့သော် အခုချိန်ထိပါခြင်းဟာ တရားဝင်ပါခြင်းမဟုတ်သေးဘူး “ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောဆိုသည်။

“ တရားဝင်ဆိုတဲ့ စကားလုံးသုံးချင်ရင်တော့ ထိုးပြီးမှဖြစ်မှာ တရားဝင်ပါလာရေးအတွက်လည်း ဒါ…… အားလုံးကဆက်ပြီးတော့ ကြိုးပမ်းနေတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လည်းကြိုးပမ်းနေတယ်"

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်မရေးထိုးဘဲ NCA စာချုပ်ပါ ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲများသို့သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းနှစ်ပတ်လည်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) အနေဖြင့် NCA စာချုပ်တွင် အထောက်အကူဖြစ်နိုင်မည့် အချက် (၈) ချက်ကို အစိုးရသို့တင်ပြထားရာ  အစိုးရဘက်မှ ၄ ချက်ကို သဘောတူကာ ကျန် ၄ ချက်ကိုလည်း မူအားဖြင့် သဘောတူထားသည်။

ယနေ့ (အောက်တိုဘာ ၂၁ရက်) တွင်ဆွေးနွေးခဲ့သည့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး လုပ်ငန်းလမ်းညွှန်များကို  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၈ ရက်၌  နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ (UPDJC) တွင်အတည်ပြုချက်များရယူသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required