စလင်းမြို့ စည်ပင်သာယာပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်ထု တည်ဆောက်ထားရှိမည်

စလင်းမြို့ စည်ပင်သာယာပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်ထု တည်ဆောက်ထားရှိမည်
စလင်းမြို့စည်ပင်သာယာပန်းခြံအား ရှင်းလင်းနေသည်ကို တွေ့ရစဉ်

စလင်း၊ အောက်တိုဘာ ၂၁ ။             ။ စလင်းမြို့နယ် စည်ပင်သာယာရေအဖွဲ့ ပန်းခြံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်ထုကို တည်ဆောက်ထားရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ဗိုလ်ချုပ်ကြေးရုပ်အား မန္တလေးမြို့ရှိ ကြာငါးပွင့် ကြေးသွန်းလုပ်ငန်းတွင် စရံပေး၍ အပ်နှံထားကာ ဇန်နဝါရီလအတွင်း ရရှိမည်ဖြစ်ပြီး အကြိုပြင်ဆင် ခြင်းလုပ်ငန်းများကို ယခုလ အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

" ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုမယ်ဆိုရင် တစ်ဦးတစ်ယောက်ပိုင် တစ်ဖွဲ့တည်းပိုင် ပုဂ္ဂလိကပိုင် မလုပ်ဖို့က အရေးကြီးပါတယ်။ အဲဒီလိုလုပ်ခဲ့ရင် အင်မတန်ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှု ခေါင်းဆောင်မှုရှိတဲ့ ပုဂ္ဂိုလ်ကြီးကို ဂုဏ်ပြုရာမရောက်ဘဲ သူ့အခန်းကဏ္ဍကို မှေးမှိန်အောင် သေးသိမ်အောင် လုပ်သလိုဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဗိုလ်ချုပ်ကို ဂုဏ်ပြုမယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ခေါင်းဆောင်ရဲ့  ဂုဏ်ပုဒ်ကိုပေါ်လွင်အောင်လုပ်ကြပါ၊ တစ်ယောက်ပိုင် တစ်ဖွဲ့ပိုင်မလုပ်ပါနဲ့ ၊ ဒီအချက်ဟာ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ဖြစ်မြောက်ရေးကော်မတီရဲ့ အခြေခံအကျဆုံး ဦးတည်ချက်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဖိုးသာက ပြောကြားသည်။

ဗိုလ်ချုပ်ကြေးရုပ်မှာ မတ်တတ်အနေအထားပုံစံ ရုပ်ထုဖြစ်ပြီး (၉)ပေအမြင့်ရှိကာ ရုပ်ထုအောက်ခံခုံ(၆)ပေရှိ၍ ရင်ပြင် အကျယ်မှာ (၅၀)ပေ ပတ်လည်နှင့် ရင်ပြင်အမြင့်(၄)ပေရှိမည်ဖြစ်သည်။

လက်ရှိတွင်  အလှူ ခံရငွေ(၂၇၀)သိန်းကျပ်ရရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိ ရသည်။

ပန်းခြံ အနောက်မြောက်ထောင့်ရှိ (၁၀၀)ပေ ပတ်လည်မြေနေရာကို ဗိုလ်ချုပ်ကြေးရုပ်ထု ထားရှိရန်အတွက် အသုံးပြု ခွင့်ကို တိုင်းစည်ပင်မှတဆင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ခွင့်ပြုချက် ရရှိနေပြီဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ထု တည်ဆောက်ပြီးစီးပါက စည်ပင်သာယာရေးအဖွဲ့သို့လွှဲပြောင်းပေးအပ်မည်ဖြစ်ကာ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကို စည်ပင်သာယာရေး ကော်မတီက တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက် (ဗိုလ်ချုပ်မွေးနေ့) တွင် စည် ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required