ကျောက်မျက် ဥပဒေ ပြင်ဆင်ပေးရန် ဖားကန့် ဒေသခံများ ဆန္ဒထုတ်ဖော်

ကျောက်မျက် ဥပဒေ ပြင်ဆင်ပေးရန် ဖားကန့် ဒေသခံများ ဆန္ဒထုတ်ဖော်
ဓါတ်ပုံ Ko Zaw Facebook

ချင်းမိုင်၊ အောက်တိုဘာလ ၂၁ ။               ။  ဒေသခံလူထု ကျောက်မျက်ကိုင်ဆောင်ခွင့်၊ ရောင်းဝယ်ခွင့် ရရှိရေးအတွက် ကျောက်မျက်ဥပဒေအပေါ်  ပြန်လည် ပြင်ဆင်ပေးရန်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့ ဒေသခံများက အောက်တိုဘာလ ၂၀ ရက်က ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်၍ တောင်းဆိုလိုက်သည်။

ဦးသိန်းစိန်အစိုးရ လက်ထက်က လွှတ်တော်တွင် အတည်ပြုခဲ့သော ကျောက်မျက်ဥပဒေသည် သာမန် ပြည်သူများ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ ပိုမိုခက်ခဲစေသလို ဖြစ်နေ၍ ပြင်ဆင်ပေးရန် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေးကော်မတီမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။

“အဓိက ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းက ကျနော်တို့ ပြည်သူလူထုကို အကျိုးမပြုတဲ့ ပုဒ်မ ၄၁ နဲ့ ၄၂ ကို ဗီနှိုင်း ပိုစတာတွေနဲ့ ထုတ်ဖော်ကြေငြာလိုက်တဲ့ ကိစ္စဟာ လူထုကို ခြိမ်းခြောက်သလို ဖြစ်တဲ့ အတွက်။ ပြည်သူထုရဲ့ အနေအထား ပျက်ပြားအောင်၊ စားဝတ်နေရေး ကြပ်တည်းအောင် ဖန်တီးသလို ဖြစ်တဲ့အတွက် ဆန္ဒဖော်ထုတ်ရတာပါ” ဟု ဦးသိန်းဝင်းက မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် ကျောက်တိုင်ကွင်းတွင် လူထု ၃၀၀၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ရာ “အကြီးစားနှင့် အလတ်စား တူးဖော်ခြင်း လုပ်ငန်းများ ဖျက်သိမ်းရေး” ၊ “ ကျောက်မျက်ဥပေ ပုဒ်မ ၄၁နှင့် ၄၂ ပြင်ဆင်ပေးရေး” ၊ “လွတ်လပ်စွာ ကျောက်စိမ်း ကိုင်ဆောင် ရောင်းဝယ်ခွင့် ရရှိရေး ဒို့အရေး ” ၊ “အစိုးရနှင့် ပြည်သူ မကြည်ဖြူအောင် လုပ်တဲ့ လုပ်ရပ် အ လိုမရှိ” ၊ “ စွန့်ပစ် မြေစာပုံတွင်   ရေမဆေးကျောက်ရှာဖွေခွင့် ရရှိရေး ဒို့အရေး ” ၊ “အသေးစားနှင့် တပိုင်တနိုင် တူးဖော် ခွင့် ရရှိရေး ဒို့အရေး” စသည့် စာတမ်းများ ကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း   ဖြစ်သည်။

ကျောက်စိမ်းဒေသတွင် နေထိုင်နေသော ဒေသခံများသည် အဓိကအသက်မွေးဝမ်းကျောင်းသည် ကျောက်စိမ်း လုပ်ငန်းအပေါ် အခြေခံ၍ ရပ်တည်နေခြင်း ဖြစ်ရာ ယခု ပြဌာန်းလိုက်သော ဥပဒေသည် ကျောက်စိမ်းရှာဖွေခွင့်မရှိ၊ ကိုင်ဆောင် ခွင့်မရှိ၊ သယ်ယူခွင့် မရှိ၊ ရောင်းဝေယ်ခွင့် မရှိဟူ၍ ကန့်သတ်ထားသည့်အပြင် အဆိုပါ ဥပဒေအား မလိုက်နာပါက ထောင်ဒဏ်များ ချမှတ်မည်ဟု ကြေငြာထားမှုအပေါ် ကန့်ကွက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ကျောက်မျက် ဥပဒေ ပုဒ်မ ၄၁ တွင် ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်ခြင်း၊ ကျောက်မျက်ရတာနကို အရိုင်းကို ခွင့်ပြုချက်မရှိဘဲ ရှာဖွေခြင်း သို့မဟုတ် စမ်းသပ်တိုင်းတာခြင်းများ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှာခြင်း ခံရလျှင် ထိုသူကို ထောက်ဒဏ် အနည်းဆုံး ၃ နှစ်မှ ၇ ထိထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဆိုထားသည်။

ထို့ပြင် ကျောက်မျက် ဥပဒေ ပုဒ် ၄၂ သည် ကျောက်မျက်ရတနာ အရိုင်းကို ဤဥပဒေနှင့် ဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူ ပို့ ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ရယူခြင်း၊ လွဲပြောင်းခြင်း တစ်ရပ်ရပ် ကျးလွန်ကြောင်း ပြစ်မှု ထင်ရှာစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး ၃ နှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း ပထမအကြိမ် ဒေသခံ လူဦးရေ ထောင်ချီက ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly