မောင်တော နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်၊ လေးရက်အတွင်း ကန်ဒေါ်လာ တစ်သိန်းကျော်ဖိုး တင်ပို့ခဲ့

မောင်တော နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်၊ လေးရက်အတွင်း ကန်ဒေါ်လာ တစ်သိန်းကျော်ဖိုး တင်ပို့ခဲ့

မောင်တော၊ အောက်တိုဘာ ၂၁ ရက်  ။             ။ အကြမ်းဖက်တိုက်ခိုက် ခံရမှုများကြောင့် ယာယီပိတ်ထားခဲ့သော မောင်တောကုန်သွယ်ရေးဇုန်ကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ၄ ရက်အတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ဖိုး မြန်မာဘက်မှ တင်ပို့နိုင်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောသည်။

“ဟိုဘက်က ပြန်လာတာတော့ မရှိသေးပါဘူး။ ဒီဘက်ကမ်းမှာ အခြေအနေ မတည်ငြိမ်တဲ့အတွက် တင်ပို့မှုတွေကို
ရပ်နားထားတယ်လို့ ထင်ပါတယ်။ မြန်မာဖက်က အဓိကတင်ပို့ရတဲ့ ကုန်စည်တွေကတော့ စောင်ပါးတွေ၊ ရေထွက် ပစ္စည်းတွေ၊ စတဲ့ကုန်စည် ၁၀ မျိုးလောက်ကိုပဲ တင်ပို့နိုင်ပါတယ်။ ဟိုဘက်က လာတာကတော့ အိုးတွေ၊ ခွက်တွေ၊ အိမ်အသုံးအဆောင်တွေကို တင်ပို့တာများပါတယ်။” ဟု မောင်တော ကုန်သွယ်ရေးအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးဇုန် ၉ ခုတွင် ကုန်စည်တင်ပို့မှု အများဆုံးနှင့် နိုင်ငံခြား ဝင်ငွေရရှိမှုတွင်လည်း အဆင့် ၁ မှ ၅ နေရာတွင် ရှိသည့် စခန်းတစ်ခု ဖြစ်ကြောင်း နယ်စပ် ကုန်သွယ်ရေး စာရင်း မှတ်တမ်းများအရ သိရသည်။

“ပထဝီ စီးပွားရေးအရအပြေရရင်တော့ ကမ်းရိုးတန်းဒေသချင်းအတူ ဘာကြောင့် ရခိုင်ပြည်နယ်ဘက်ကထွက်တဲ့ ရေထွက် ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေလဲဆိုရင်တော့ ကျွန်တော်တို့ မြန်မာလူဦးရေက သန်းငါးဆယ်လောက်ပဲရှိတယ်။ ဘင်္ဂလားဒေ့ရှ် လူဦးရေက သန်း ၁၆၀ ကျော်ရှိပါတယ်။ လူဦးရေ သုံးဆလောက်များပြီးတော့ နယ်မြေ အကျယ်အဝန်းက ရှမ်းပြည်နယ်လောက်ပဲရှိပါတယ်။ ဒါကြောင့် သူတို့မှာ စိုက်ပျိုးဖို့ မွေးမြူဖို့အတွက် မြေနေရာမရှိတဲ့ အတွက်ကြောင့် ဒီနေရာကပစ္စည်းတွေကိုပဲ အဓိက အားကိုးနေရတာဖြစ်ပါတယ်။ မဖွံ့ဖြိုးတာလည်း ပါတာပေါ့။ စားသောက်ကုန်ပစ္စည်းနဲ့ ရေထွက်ကုန်စည်တွေအတွက် ကျွန်တော်တို့ နိုင်ငံကိုပဲ အားကိုးနေရတာ ဖြစ်ပါတယ်။” ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်သို့ ယခင်က ဆန်စပါး အပါအဝင် ကုန်စည်အမျိုးအစား ၇၀ ဝန်းကျင်ခန့်ကို တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ကုန်စည် ၁၀ မျိုးကိုသာ တင်ပို့နိုင်တော့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင် မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု ပမာဏတန်ဖိုးသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၅ သန်းထိ ရှိခဲ့ပြီး ပဋိပက္ခဖြစ်ပြီး ၂ နှစ်အကြာ ကုန်သွယ်မှုတန်ဖိုး ၂ သန်းကျော်ထိ လျော့ကျလာကာ ယခုအချိန်ထိ အဆိုပါ ပမာဏ ဝန်းကျင်သာ ကုန်သွယ်နိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (သြဂုတ်လထိ) စခန်းအလိုက် အမှန်ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုပမာဏစာရင်း မှတ်တမ်းအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required