၂၀၁၅-၁၆ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို စ်ဆွာရက်ဇ် လက်ခံရရှိ

၂၀၁၅-၁၆ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို စ်ဆွာရက်ဇ် လက်ခံရရှိ

ဘာစီလိုနာရဲ့ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ ၂၀၁၅-၁၆ ရာသီအတွက် ဂိုးသွင်းအများဆုံး ဥရောပရွှေဖိနပ်ဆုကို ဘာစီလိုနာမြို့မှာ ကြာသပတေးနေ့က လက်ခံရယူခဲ့ကြောင်း သိရှိရပါတယ်။

ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ဂိုး (၄၀)သွင်းယူခဲ့တာကြောင့် ဥရောပလိဂ်ပြိုင်ပွဲများမှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပါတယ်။

ဒီဆုနဲ့ ပတ်သတ်လို့ ဆွာရက်ဇ်က "ကျနော့် အိမ်မက်တွေ ရှင်သန်ဖို့ ဒီလိုမျိုး အခွင့်အရေးတွေ ပေးတဲ့ ဘာစီလိုနာအသင်းကို ကျေးဇူးတင်ပါတယ် .... ဘာစီလိုနာကို ရောက်လာတုန်းက ကျနော် ဒီလိုမျိုး ထိပ်တန်းဂိုးသွင်းသူ ဖြစ်လာမယ်လို့ ဘယ်တော့မှ စိတ်ကူးမရှိခဲ့ပါဘူး။ ကျနော် အလိုချင်ဆုံးကတော့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ပါ။ ဒါပေမယ့် ကျနော့်ရဲ့ အသင်းဖော်တွေ မပါပဲ ဒီဆုဆွတ်ခူးဖို့အတွက်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကူညီမှုတွေက အရာအားလုံးကို ပိုမိုလွယ်ကူစေပါတယ်"လို့ ပြောပါတယ်။

"နောက်နှစ်မှာ ကျနော်ဟာ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု မရခဲ့ဘူးဆိုရင် မက်ဆီ ဒါမှမဟုတ် နေမာ တစ်ဦးဦး ရမယ်လို့ မျှော်လင့်ပါတယ်။"လို့ သူက မှတ်ချက်ပေးသွားပါတယ်။

ဆွာရက်ဇ်ဟာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ သမီးဖြစ်သူ ဒယ်လ်ဖီနာ၊ သားဖြစ်သူ ဘန်ဂျမင်တို့နှင့်အတူ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွာရက်ဇ်ဟာ ၂၀၁၃-၁၄ ရာသီတုန်းက လီဗာပူးလ်ကစားသမားအနေနဲ့ ဥရောပရွှေဖိနပ်ဆုကို တစ်ကြိမ်ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက စီရော်နယ်လ်ဒိုနဲ့အတူ ပူးတွဲရရှိတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဒုတိယနေရက နာပိုလီရဲ့ ဂွန်ဇာလိုဟီဂူအင်းအထက် (၄) ဂိုးအသာနဲ့ ဂိုးသွင်းအများဆုံး ဥရောပရွှေဖိနပ်ဆုကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Ref; Barcelona

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required