ထောင်ပေါင်းများစွာသော လက်တင်အမေရိကန်တို့ အမျိုးသမီးများအကြမ်းဖက်ခံရမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြ

ထောင်ပေါင်းများစွာသော လက်တင်အမေရိကန်တို့ အမျိုးသမီးများအကြမ်းဖက်ခံရမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြ
ဓာတ်ပုံ-EFE EPA

အောက်တိုဘာ ၂၀ ။           ။ အမျိုးသမီးများအကြမ်းဖက်ခံရမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် လက်တင်အမေရိကတိုက်တစ်ဝန်းရှိ ပြည်သူထောင်ပေါင်းများစွာတို့ စုရုံးချီတက်ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေသတစ်ဝန်းရှိ ဆန္ဒပြလူအုပ်စုများသည် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်ရှိ သမိုင်းဝင်အထိမ်းအမှတ်ကျောက်တိုင်မှစပြီး မက္ကဆီကိုမြို့တော်၏ လွတ်လပ်ရေးရင်ပြင်အထိ အမျိုးသားအထိမ်းအမှတ်နေရာများတွင်   အသီးသီး စုဝေးခဲ့ကြကာ ဆန်တီယာဂိုနှင့်ဆော်ပေါလိုမြို့များရှိ လမ်းများပေါ်တွင် ချီတက်ခဲ့ကြသည်။

ယခုကဲ့သို့ ချီတက်ဆန္ဒပြရခြင်း၏အကြောင်းရင်းမှာ ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်က လူစီကာ ပါရက်ဇ် ဆိုသူ အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦး အာဂျင်တီးနား ကမ်းရိုးတန်းမြို့တစ်မြို့တွင် ဆေးခတ်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်သည်။

နှစ်စဉ် အကြမ်းဖက်ခံရမှုကြောင့် အမျိုးသမီး ၂၀၀ ကျော်အသက်ဆုံးရှုံးနေရသည့် အာဂျင်တီးနားတွင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးတောင်းဆိုသည့် ဆန္ဒပြပွဲများကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

ယင်းနိုင်ငံရှိ အမျိုးသမီးအကြမ်းဖက်ခံရမှု ဆန့်ကျင်ဆန္ဒပြပွဲများကို အိမ်နီးချင်းနိုင်ငံများကလည်း ထောက်ခံပါဝင်ခဲ့ပြီး ဥရုဂွေးတွင်လည်း လူရာနှင့်ချီ မိုးရေအောက်တွင် ချီတက်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြသည်။ ချီလီနိုင်ငံတွင်လည်း အနက်ရောင်အဝတ်များ ဝတ်ဆင်ထားသော အမျိုးသမီးများသည် မြို့တော်လမ်းမပေါ်တွင် ချီတက်ခဲ့ကြပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားသူများကို   ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်ရေး တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required