တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ပါတီတွင်း ရာထူးနေရာများကို အပြောင်းအလဲလုပ်မည်

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ပါတီတွင်း ရာထူးနေရာများကို အပြောင်းအလဲလုပ်မည်

ရန်ကုန်၊ အောက်တိုဘာလ ၂ဝ၊ ၂ဝ၁၆ ။             ။ ပါတီတွင်းရာထူးနေရာများကို ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း နှင့်အညီ ရွေးချယ်တင်မြှောက်ပွဲပြုလုပ်ကာ အပြောင်းအလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအမှုအလုပ်ဆောင် ကော်မတီဝင် နိုင်ငံရေးကော်မတီ၏ တာဝန်ခံ ဦးသိန်းထွန်းက မီဒီယာများသို့ ပြောကြားသည်။

အောက်တို ဘာလ ၂ဝရက်က ဗဟန်းမြို့နယ်ရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်သော တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို အစီအစဉ် ၂၄ ခုဖြင့် အောက်တိုဘာလ ၂ဝ ရက်မှ ၂၁ရက်ထိ ၂ ရက်တာ ကျင်းပသွားမည်ဖြစ် သည်။

"ကျွန်တော်တို့ ပါတီရဲ့ စည်းမျဉ်း ပြဋ္ဌာန်းချက်အရပေါ့။ ဗဟိုကော်မတီဝင်တွေထဲက ဒီနေ့ညနေပိုင်းမှာ အဆုံးအဖြတ်ပေး နိုင်မယ့် သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ဗဟိုအလုပ်အမှုဆောင်တွေကို   ရွေးမယ်။ ရွေးချယ်ထားတဲ့ ဗဟိုအလုပ်မှုေဆောင် ကော်မတီအတွင်းမှာ ဥက္ကဌတစ်ဦး၊ ဒုတိယဥက္ကဌတစ်ဦး၊ အထွေထွေအတွင်းရေးမှူးတစ်ဦး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး နှစ်ဦးကို   ရွေးချယ်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

အစည်းအဝေးတွင် ပါတီဥက္ကဌ ဦးသန်းတင် အပါအဝင် တိုင်းဒေသကြီးအလိုက် ပါတီဝင် ဥက္ကဌများ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၁၈၇ ဦးတက်ရောက်ခဲ့သောကြောင့် ၉၁ ဒသမ ၉၃ ရာခိုင်နှုန်းဖြင့် အစည်းအဝေးမှာ အထမြောက် ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအနေအထားဖြင့် ပါတီအင်အားမှာ ၅ သိန်းခန့်သာ ရှိသည့်အတွက် လက်ရှိတွင် ၃ဝ၇ မြို့ နယ် တွင်သာ ပါတီဖွဲ့စည်းနိုင်တော့မည် ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် တင်သွင်းသည့် ဗဟိုအလုပ်အမှုဆောင် အစီရင်ခံစာမှ သိရှိရသည်။

လာမည့် ၂ဝ၁၇ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ကမာရွတ်မြို့နယ် တိုင်းကော်မတီ ဥက္ကဌ ဦးကျော်နုက " ဒီကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဝင်ရွေးခံမယ့် အစီအစဉ်တော့ မရှိလောက်ဘူးပေါ့။ ပြည်သူလွှတ်တော်တို့၊ တိုင်းဒေကြီးတို့မှာတော့ ဝင်ရွေးခံသွားပါမယ်။ " ဟု ဆိုသည်။

ပါတီတွင်း ရာထူးနေရာ ရွေးချယ်မှုများကို အောက်တိုဘာလ ၂၁ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ တွင် ပါတီဖွဲ့စည်းမှု အားအကောင်းဆုံး ပြည်နယ် ၊တိုင်းများမှာ ကချင်နှင့် မွန်ပြည်နယ်တွင် ဖြစ်ပြီး ကျန်သည့်တိုင်း နှင့် ပြည်နယ်များတွင် အသင့်အတင့်သာရှိ ကြောင်းနှင့် ပါတီအနေဖြင့် ယခုပြန်လည်ဖွဲ့စည်းမှုတွင် အမျိုးသမီးများနှင့် လူငယ်များကို အဓိက ပါဝင်လာနိုင်အောင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required