အတိုက်အခံဖြစ်လာတဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရလိုအပ်ချက်တွေ လက်ညှိုးထိုး ပြောမယ်လို့ ဥက္ကဋ္ဌပြော

အတိုက်အခံဖြစ်လာတဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရလိုအပ်ချက်တွေ လက်ညှိုးထိုး ပြောမယ်လို့ ဥက္ကဋ္ဌပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

အောက်တိုဘာ ၂၀၊ ၂၀၁၆ခုနှစ်။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဋ္ဌေးက သူဦးဆောင်သည့် ပါတီသည် 'အတိုက်အခံ' ပါတီဟု ညွှန်းဆိုလိုက်ပြီး အစိုးရလိုအပ်ချက်တွေ လက်ညှိုးထိုး ပြောဆို၊ ထောက်ပြမည်ဟု ပြောဆိုလိုက်သည်။

"လက်ညှိုးထိုးပြောမယ်၊ အဲ့ဒီ တိုင်းပြည် တစ်စိတ်စီ တစ်စစီ ဖြစ်သွားမလား။ ကျွန်တော်တို့ပြောမယ်၊ ခင်ဗျားတို့ရဲ့ နေ့စဉ်လူမှုဘဝတွေ ခြိမ်းခြောက်ခံ နေရပြီလား။ ကျွန်တော်တို့ပြောမယ်၊ ခင်ဗျားတို့ ထမင်းငတ်တော့မလား၊ အစိုးရဘာလုပ်နေလဲ။ ကျွန်တော်တို့ လက်ညှိုးထိုးပြီးတော့ မေးပြီ" ဟု ဦးသန်းဌေးက ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် အောက်တိုဘာ (၁၇)ရက်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

''ဒီနေ့ အတိုက်အခံဖြစ်သွားပြီ။ ဖြစ်တဲ့အချိန်မှာ တကယ်ကို အမျိုးသားရေးအတွက် မမှားနိုင်တဲ့ဟာ ခင်ဗျားတို့ ဘာသာ ပျောက်ကွယ်သွားမလား။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့မရဘူး" ဟုလည်း ဦးသန်းဌေးက ဆိုသည်။

သို့သော် အစိုးရလုပ်သမျှ ကန့်လန့်တိုက်မည်မဟုတ်ဟု ဦးသန်းဌေးက အောက်ပါအတိုင်း ပြောသည်။

''ဟိုခေတ် ဟိုကာလတုန်းကလို အစိုးရလုပ်သမျှ အကုန်လုံး လက်ညှိုးထိုးပြီး တော့မှ ကန့်လန့်တိုက်ဖို့တော့ ကျွန်တော်တို့မရှိဘူး" ဟု ၎င်းက ပြောကြားသည်။

ဩဂုတ်လ တတိယပတ်က နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံတွင် ဦးသန်းဌေးအား ပါတီဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required