အာဖဂန်ဒုက္ခသည် သန်းဝက်နီးပါး ပါကစ္စတန်မှ နှင်ထုတ်ခံရ

အာဖဂန်ဒုက္ခသည် သန်းဝက်နီးပါး ပါကစ္စတန်မှ နှင်ထုတ်ခံရ
ဓာတ်ပုံ-အီးပီအေ

အောက်တိုဘာ ၁၉ ။            ။ ယခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံမှ မူလမိခင်နိုင်ငံထံသို့ ပြန်သွားကြသည့် အာဖဂန်ဒုက္ခသည်ဦးရေမှာ သိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိအချိန်ထိ ၄၅၆,၀၀၀ ခန့်အထိ ရှိနေပြီဖြစ်ကြောင်းနှင့် အများစုမှာ ပြီးခဲ့သည့် သုံးလအတောအတွင်း ယင်းနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ကုလဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ပြောကြားသည်။

ပါကစ္စတန်အစိုးရက ယင်းဒုက္ခသည်များအား နိုင်ငံမှထွက်သွားရန် ရာဇသံပေးပြီးနောက် ယခုကဲ့သို့ အာဖဂန်ဒုက္ခသည်များ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလယ်မတိုင်ခင်အထိ မှတ်ပုံတင်ထားသော အာဖဂန်ဒုက္ခသည် ၂၆၆,၀၀၀ အာဖဂန်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ပါကစ္စတန်ရှိ UNHCR ပြောခွင့်ရပုဂ္ဂိုလ် အေဆစ်ဖ် ရှာဇက်က ပြောသည်။

အလားတူ မှတ်ပုံတင်ထားခြင်းမရှိသော နောက်ထပ်အာဖဂန်ဒုက္ခသည် ၁၉၀,၀၀၀ လည်း ၎င်းတို့နိုင်ငံသို့ ပြန်သွားကြပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ကုလအရာရှိတစ်ဦးက ပြောသည်။

ပါကစ္စတန်နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော အာဖဂန်ဒုက္ခသည်  ၁ ဒသမ ၄ သန်းနှင့် တရားမဝင်ရောက်ရှိနေထိုင်နေသော ဒုက္ခသည် ၉၀၀,၀၀၀ တို့ရှိနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၁၉၇၉ ခုနှစ် ဆိုဗီယက်ကျူးကျော်မှုကာလနောက်ပိုင်းကတည်းက ပါကစ္စတန်သို့ အာဖဂန်ဒုက္ခသည်များ စတင်ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုနှစ်ဇူလိုင်လလယ်ပိုင်းတွင် နိုင်ငံသို့ ပြန်သွားသော အာဖဂန်အရေအတွက်မှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး တစ်နေ့လျင် ဦးရေ ၄,၀၀၀ ခန့်နှုန်းဖြင့် ပါကစ္စတန်နိုင်ငံတွင်းမှ ထွက်ခွာသွားနေကြသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required