မေထုန်ရာသီဖွား ဇာတ်ကားအတွက် “ပရိသတ်ကို လိမ်ညာပြီး ပြောခဲ့တာ တစ်ခုမှ မရှိဘူး”လို့ ညိုမင်းလွင်တုန့်ပြန်

မေထုန်ရာသီဖွား ဇာတ်ကားအတွက် “ပရိသတ်ကို လိမ်ညာပြီး ပြောခဲ့တာ တစ်ခုမှ မရှိဘူး”လို့ ညိုမင်းလွင်တုန့်ပြန်

ဒါရိုက်တာ ညိုမင်းလွင်ပုံ ဖော်ရိုက်ကူးပြီး အဓိက ဇာတ်ဆောင်များ အဖြစ် မင်းဦး၊ ဥက္ကာမင်းမောင်၊ ငြိမ်းချမ်းကျော်နှင့် အေးမြတ်သူတို့ ပါဝင်ရိုက်ကူးထားတဲ့ မေထုန်ရာသီဖွားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက အမေရိကန်နိုင်ငံမှ ပြသခဲ့ပြီး အော်စကာစာကြည့်တိုက်မှာ ရာသက်ပန် ဇာတ်ညွှန်းထားရှိဖို့ ကမ်းလှမ်း ခံထားရတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အမျိုးသားနှစ်ဦးအကြားက လိင်တူချစ်ခြင်းအကြောင်းကို အဓိက ရိုက်ကူးထားတာ ဖြစ်လို့ စတင် ရိုက်ကူးစဉ်ကတည်း ဝေဖန်သံတွေ ထွက်ရှိခဲ့တာ ဖြစ်ပြီး ယခုလို နိုင်ငံတကာက စာကြည့်ကြီးတစ်ခုမှာ ဇာတ်ညွှန်းထားရှိဖို့ ကမ်းလှမ်းခံရတဲ့ ကိစ္စကလည်း ငွေကြေးအရ ရယူထားခြင်းဖြစ်တယ်လို့ ထပ်မံ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားကို စီစဉ်သူနှင့် သရုပ်ဆောင် ငြိမ်းချမ်းကျော်က “ ကျွန်တော်တို့ အတွက်ကတော့ ဒါက ဝေဖန်မှုတွေ အများကြီးထဲက ဝေဖန်မှု တစ်ခုပါပဲ။ ဘယ်လောက်တောင် ဝေဖန်ခံခဲ့ရလဲဆိုရင် သရုပ်ဆောင်တွေ ပြောင်းလိုက်ရတဲ့ အထိတောင် ဖြစ်ခဲ့တာပါ။ အခုလို အော်စကာ Library မှာဇာတ်ညွှန်းထားဖို့လောက် အတွက်နဲ့တော့ ပိုက်ဆံတွေ အများကြီး အကုန်ခံစရာ မလိုပါဘူး” လို့ ဆိုပါတယ်။

အဆိုပါရုပ်ရှင် ဇာတ်ကားကို ဇာတ်ညွှန်း၊ ရိုက်ကူးမှုနှင့် မူပိုင်ဖန်တီးထားမှုတွေကြောင့်သာ နိုင်ငံတကာကို ထိုးဖောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာက ဖြန့်ချိသူတွေနဲ့ ဆက်သွယ်ပြီး ပြည်ပနိုင်ငံတွေမှာ ပြသခွင့်တွေ ရရှိခဲ့တာကြောင့် အော်စကာစာကြည့်တိုက်က ဇာတ်ညွှန်း ရာသက်ပန် သိမ်းဆည်းခွင့် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့လည်း ငြိမ်းချမ်းကျော်က ဆက်လက် ပြောပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က “ ကျွန်တော် ဒီကားကို စတင် မိတ်ဆက်ကတည်းက ပြောပြခဲ့ပါတယ်။ နိုင်ငံတကာက ဖြန့်ချိသူတွေနဲ့ ဖြန့်ချိမှာဖြစ်တယ်၊ နိုင်ငံတကာမှာ ပြမယ်လို့ အသိပေးခဲ့တာပါ။ အခုမှ ငါကတော့ ဘယ်လို လုပ်ထားတယ်ဆိုပြီး ထပြောတာမဟုတ်ပါဘူး။  မေထုန်ရာသီဖွားမှ မဟုတ်ပါဘူး။ အခုထက်ထိ ကျွန်တော် ပရိသတ်ကို လိမ်ညာပြီး ပြောခဲ့တာ တစ်ခုမှ မရှိဘူးလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားသည် ဘုန်းထွဋ်ခေါင်ဇာတ်လမ်းကို လင်းမြတ်သွင်က ဇာတ်ညွှန်း အဖြစ် ပြန်လည်ရေးသားကာ ဥဒါန်းရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူး ထုတ်လုပ်တာဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံမှာ ပြသလျက်ရှိပြီး မြန်မာ၊ ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံများတွင်လည်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required