ရန်ကုန်တိုင်းအတွင်း ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခွင့်ပေးမည်မဟုတ်

ရန်ကုန်တိုင်းအတွင်း ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခွင့်ပေးမည်မဟုတ်

ရန်ကုန်၊ အောက်တိုဘာ ၁၈ ။            ။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ခြင်းကို ခွင့်မပြုကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက "ကျောက်တန်းမြို့နယ် အတွင်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ရန် ဒေသခံများကို စည်းရုံးပြောဆိုမှုများရှိနေသောကြောင့် ခွင့်ပြုပေးရန် အစီအစဉ် ရှိမရှိ" မေးမြန်းရာတွင် ဒေါ်နီလာကျော်က ခွင့်ပြုပေးမည်မဟုတ်ကြောင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ပြည်သူများစိုးရိမ်လျက်ရှိသော ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခွင့်ပြုရန် အစီအစဉ်မရှိပါ" ဟု ဒေါ်နီလာကျော်က  အတိအလင်း ပြောကြားလိုက်သည်။

ကျောက်တန်းမြို့နယ်အတွင်း အဆိုပါ ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ဒေသခံများကို ဒေသဖွံဖြိုးရေးများ လုပ်ကိုင်ပေးမည်ဟု စည်းရုံးပြောဆိုမှုများ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်   ဒေါ်သက်သက်မူက လွှတ်တော်တွင် မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

"ကုမ္ပဏီက ကျောက်မီးသွေးလောင်စာသုံးဓါတ်အားပေးစက်ရုံတည်ဆောက်လိုကြောင်း၊ ရရှိတဲ့အမြတ်ငွေရဲ့ နှစ်ရာခိုင်နှုန်း ကို လှူဒါန်းမယ့်အပြင် ကျောက်တန်းမြို့ကို အလွယ်တကူသွားလာနိုင်ရန်   မှော်ဝန်းမြစ်ကူးတံတား ထိုးပေးမယ်လို့ ပြောဆိုစည်းရုံးနေပါတယ်" ဟု ဒေါ်သက်သက်မူက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly