ခေါင်းဆောင်ကောင်းဖြစ်ဖို့ ဒါတွေလိုတယ်

ခေါင်းဆောင်ကောင်းဖြစ်ဖို့ ဒါတွေလိုတယ်

အခုချိန်မှာ သင်ဟာ ဝန်ထမ်းတစ်ယောက် ဖြစ်နေပေမယ့် တစ်ချိန်ချိန်မှာ အထက်လူကြီးဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် လုပ်ငန်းခွင်မှာ လူအများလေးစားတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်၊ အထက်လူကြီး တစ်ယောက်ဖြစ်လာစေဖို့ သတိပြုဖွယ် အချက်များကို ရေးသား ဖော်ပြပေး လိုက်ရပါတယ်။ ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်ကြပါစေ။

(၁) ကျေးဇူးနော်" လို့ ပြောဖို့ မမေ့ပါနဲ့

"ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားဟာ တိုတိုလေးပါ။ ဒါပေမယ့် အပြောခံရတဲ့ လူအတွက်တော့ အင်မတန်မှ အားရှိတဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ လက်အောက်ဝန်ထမ်းက တစ်ခုခု ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်တိုင်း ကျေးဇူးတင်တယ်လို့ ပြောဖို့ မမေ့နဲ့နော်။

(၂) ဆုချီးမြှင့်ပါ

လက်အောက်ငယ်သားတွေ အောင်မြင်မှု တစ်ခုရတိုင်းမှာ ဆုချီးမြှင့်ပေးဖို့ မမေ့ပါနဲ့။ တန်ဖိုးက အရေးမကြီး ပါဘူး။ သင်က သူတို့အပေါ် တန်ဖိုးထားတယ်ဆိုတဲ့ သဘောတရားကို ဖော်ကျူးရာ ရောက်တယ်ဆိုရင် 
လုံလောက်ပါတယ်။

(၃) သူတို့ရဲ့ အရည်အချင်းတွေအပေါ်မှာ ရင်းနှီးမြှင့်နှံပေးပါ

သူတို့မှာ လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းပေးပါ။ နည်းပညာပိုင်း အားနည်းတဲ့ ဝန်ထမ်းကို သက်ဆိုင်တဲ့ သင်တန်း ထောက်ပံ့ပေးတာမျိုး၊ ဘာသာစကား အားနည်းတဲ့ ဝန်ထမ်းကို လေ့ကျင့် သင်ကြား ပေးတာမျိုး ပြုလုပ်ပေးပါ။

(၄) နှုတ်ချို သျိုတစ်ပါးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပါ

လက်အောက် ဝန်ထမ်းတွေကို ပြောဆိုတဲ့နေရာမှာ ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေကို အသုံးပြုခြင်းကို
ရှောင်ကြဉ်ပါ။ အပြောခံရတဲ့ ဝန်ထမ်းအနေနဲ့  စိတ်မကောင်း ဖြစ်မိမှာဖြစ်သလို သင့်အပေါ်မှာလည်း အကြည်ညို ပျက်နိုင်ပါတယ်။

(၅) ဂရုစိုက်ကြောင်း သက်သေပြပါ

တချို့အထက်လူကြီးတွေဟာ ဝန်ထမ်းတွေအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း အပြောနဲ့ပဲ ပြီးသွားလေ့ ရှိပါတယ်။ ဒါပေမယ့် အလုပ်နဲ့ သက်သေပြဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဝန်ထမ်းတွေရဲ့ ရင်ဖွင့် စကားသံတွေကို နားထောင်ပေးပါ။ သူတို့ရဲ့ မိသားစုအကြောင်း၊ အခက်အခဲ၊ နေ့စဉ်ဘဝ အကြောင်းကို
အလေးတယူ မေးမြန်း နားထောင်ပေးပါ။ ဒီနည်းအားဖြင့် ဝန်ထမ်းတွေအနေနဲ့ သင့်အပေါ်မှာ ပိုမိုယုံကြည် အားကိုးစိတ် ပေါ်လာနိုင်ပါတယ်။

(၆) ကွယ်ရာမှာ ဆူပါ

လက်အောက်ဝန်ထမ်း အမှား လုပ်မိတဲ့ အခါတွေမှာ လူအများကြီးရှေ့မှာ မဆူပါနဲ့။ နှစ်ယောက်တည်း သီးသန့် တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်ပါ။ အမှားကို ထောက်ပြပါ။ လူအများရှေ့မှာ အမှား ထောက်ပြတတ်တဲ့ 
အထက်လူကြီး တစ်ယောက်ကို လက်အောက် ဝန်ထမ်းအနေနဲ့ အမြင်ကြည်မှာ မဟုတ်ပါဘူး။

(၇) ဝန်ထမ်းတွေနဲ့တူတူ အချိန်ကုန်ဆုံးပေးပါ

နေ့လည်စာ တူတူစားတာမျိုး၊ Team Dinner စားတာမျိုး၊ သရေစာ မုန့်ဝယ်ကျွေးတာမျိုးတွေ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာမှာဖြစ်ပြီး သူတို့ရဲ့ ချစ်ခင်မှုကိုလည်း ရနိုင်ပါတယ်။

 

(၈) အရေးတကြီး ဆုံးဖြတ်ချက်တွေ ချခွင့်ပေးပါ

သူတို့ရဲ့ အကြံဉာဏ်နဲ့ အတွေ့အကြုံတွေကို တန်ဖိုးထားတဲ့အနေနဲ့ အရေးတကြီး ဆုံးဖြတ်ချက်ချခွင့်တွေ ပေးသင့်ပါတယ်။ အဲ့အခါမှာ ဝန်ထမ်းတွေအနေနဲ့လည်း အလုပ်လုပ်ရတာ ပိုယုံကြည်မှုရှိပြီး   အောင်မြင်မှု ပန်းတိုင်ကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်လေးတွေ သတိထားခြင်းအားဖြင့် အထက်လူကြီးနဲ့ ဝန်ထမ်းကြား ဆက်ဆံရေး ပိုမို ကောင်းမွန်လာမှာဖြစ်ပြီး လူအများက လေးစားရတဲ့ အထက်လူကြီး တစ်ယောက်ဖြစ်လာမှာ ဧကန်ပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required