ပေါင်သန်း ၄၀ တန် အလာဘာကို ခေါ်ယူရန် မန်စီးတီးအသင်း ဆွေးနွေး

ပေါင်သန်း ၄၀ တန် အလာဘာကို ခေါ်ယူရန် မန်စီးတီးအသင်း ဆွေးနွေး

အောက်တိုဘာ ၁၈၊ မန်ချက်စတာ။                     ။ မန်စီးတီးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပေါင်သန်း ၄၀ တန် ဘယ်နောက်ခံလူ အလာဘာကို ခေါ်ယူနိုင်ရန် ဆွေးနွေးနေသည်။

လွန်ခဲ့သောနှစ်ပတ်ခန့်က မန်စီးတီးတာဝန်ရှိသူများသည် အသက် ၂၄ နှစ်အရွယ်ကစားသမား၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု The Sun သတင်းစာက ဖော်ပြထားသည်။

သို့သော် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းခေါ်ယူရန်အတွက်မဟုတ်ဘဲ လာမည့်နှစ်နွေရာသီအပြောင်းအရွှေ့ကာလမှသာ ခေါ်ယူရန် ရည်ရွယ်နေခြင်းဖြစ်သည်။

နည်းပြဂွာဒီယိုလာသည် လိုအပ်သောနောက်တန်းအစွန်နေရာများဖြင့် အသင်းကိုတည်ဆောက်ရန် ကြိုးပမ်းနေသည်။ မန်စီးတီး အသင်းမှာ စနေနေ့က အီတီဟတ်တွင် သရေကျသည့် အဲဗာတန်နှင့်ပွဲ ပေးဂိုးအပါအဝင် လွန်ခဲ့သောရက်သတ္တပတ်များအတွင်း နောက်တန်းအစွန်မှအမှားများကြောင့် ဂိုးပေးနေရသည်။

လက်ရှိနောက်တန်းအစွန်ကစားသမားများကို လဲလှယ်ရန်ဆုံးဖြတ်ထားသည့် ဂွာဒီယိုလာသည် ဘိုင်ယန်မြူးနစ်တွင် သုံးနှစ်ကြာ လက်တွဲဖူးသည့် အလာဘာကို ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူအဖြစ် သတ်မှတ်ထားသည်။

ဘယ်ခြမ်းတွင်နေရာစုံကစားနိုင်ပြီး ယူရို ၂၀၁၆ တွင် သြစတြီးယားအသင်းအတွက် ကွင်းလယ်ဗဟိုကစားသမားအဖြစ် တာဝန်ယူ ခဲ့သည့် အလာဘာသည် ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် ယခုနှစ်မတ်လကမှ တစ်ပတ်ပေါင် ၇၅, ၀၀၀ ဖြင့် ငါးနှစ် စာချုပ်သစ်ချုပ်ထားသည်။

သို့သော် အလာဘာအနေဖြင့် အသင်း ပြောင်းလာခဲ့ပါက လစာနှစ်ဆပေးမည်ဟု မန်စီးတီးအသင်းက ဆွဲဆောင်ထားသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly