မိမိတို့ကို ဆက်လက် ခြိမ်းခြောက်နေမည် ဆိုပါက နျူလက်နက်များ ထုတ်သုံးရလိမ့်မည်ဟု မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး

မိမိတို့ကို ဆက်လက် ခြိမ်းခြောက်နေမည် ဆိုပါက နျူလက်နက်များ ထုတ်သုံးရလိမ့်မည်ဟု မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး

အောက်တိုဘာ ၁၇ ။           ။ အမေရိကန်တို့အနေဖြင့် မိမိတို့နိုင်ငံအပေါ် ခြိမ်းခြောက် ဖိအားပေးလိုသည့် သဘောဆောင်သော လုပ်ဆောင်မှုများ ထပ်လုပ်နေဦးမည်ဆိုပါက  မိမိတို့ဘက်မှ ကြိုတင် လက်ဦးမှုယူကာ နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ရလိမ့်မည် ဖြစ်ကြောင်း မြောက်ကိုရီးယားတို့က သတိပေးသွားသည်။ အလားတူ နောက်ထပ် နျူစမ်းသပ်မှုများ ထပ်လုပ်ကောင်း လုပ်နိုင်ကြောင်းလည်း ပြုံယမ်းအာဏာပိုင်များက ပြောကြားသွားသည်။

" ခုချိန်မှာ အမေရိကန်က ကျွန်တော်တု့ိရဲ့ ကမ်းရိုးတန်းအပြင်ဘက်မှာ နျူလက်နက်တွေ ချထားတာတွေရှိပါတယ်၊ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ မြို့တော်နဲ့ ကျွန်တော်တို့ ခေါင်းဆောင် ကင်ဂျုံအန်းတို့ကို ပစ်မှတ်ထားနေလျက်ရှိပါတယ်" ဟု ပြုံးယမ်းအစိုးရ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သော လီယုံဖီလ်က ပြောသည်။

" အမေရိကန်ဘက်က ကျွန်တော်တို့ကို နျူလက်နက်နဲ့ ဆက်လက်ခြိမ်းခြောက်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ နောက်တွန့်သွားမှာ မဟုတ်ပါဘူး" ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမေရိကန်လေ့လာမှုရေးရာဌာန ဒါရိုက်တာ လီက ပြောသည်။

" သူတို့ဘက်က ကျွန်တော်တို့ကို ခြိမ်းခြောက်နေမယ်ဆိုရင် ကျွန်တော်တို့ဘက်ကအရင် ဒီလက်နက်တွေနဲ့ ထုတ်တိုက်ရပါလိမ့်မယ်၊ ကျွန်တော်တို့မှာ နည်းပညာရှိပါတယ်" ဟု ၎င်းက ပြောသည်။

မြောက်ကိုရီးယား၏ လက်ရှိခေါင်းဆောင် ကင် လက်ထက်တွင် ထိုကဲ့သို့သော ထုတ်ဖော်ခြိမ်းခြောက်မှုမျိုးမှာ မကြာခဏဆိုသလို ကြားသိနေရသော်လည်း ၎င်းတို့ထံတွင် အမေရိကန်ဆီကို   ရောက်နိုင်စွမ်းသော လက်နက်များ ပိုင်ဆိုင်ထားခြင်းမရှိသေးဟု အမေရိကန်တာဝန်ရှိသူများက ယုံကြည်ထားကြသည်။

Mizzima Weekly