လူလိုက်ပါသွားသည့် ရှန်ကျိုး ၁၁ အာကာသယာဉ်ကို တရုတ်တို့ အောင်မြင်စွာ လွှတ်တင်

လူလိုက်ပါသွားသည့် ရှန်ကျိုး ၁၁ အာကာသယာဉ်ကို တရုတ်တို့ အောင်မြင်စွာ လွှတ်တင်

အောက်တိုဘာ ၁၇ ။           ။ လူလိုက်ပါသွားသည့် တရုတ် အာကာသယာဉ် ရှန်ကျိုး ၁၁ ကို အောက်တိုဘာ ၁၇ ရက်က အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။

လိုက်ပါသွားသည့် တရုတ်အာကာသ ယာဉ်မှူးနှစ်ဦးမှာ ဂြိုဟ်ပတ်လမ်း အာကာသ စမ်းသပ်စခန်းတစ်ခုတွင် တစ်လကြာ နေထိုင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရှန်ကျိုး ၁၁ ယာဉ်ကို ဂိုဘီသဲကန္တာရရှိ ကျိုကွမ်း အာကာသလွှတ်တင်ရေးစင်တာမှ  အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အာကာသ ယာဉ်မှူးနှစ်ဦးမှာ ထျန်ဂေါင် ၂ အာကာသ စမ်းသပ်စခန်းတွင် ရက်ပေါင်း သုံးဆယ် နေထိုင်မည်ဖြစ်ပြီး ယင်းမှာ တရုတ်အာကာသ ယာဉ်မှူးများအတွက် ကာလအကြာဆုံး အာကာသတွင်း နေထိုင်မှု ဖြစ်လာမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၇ ရက်အစောပိုင်းက တရုတ် ဗဟိုစစ်ဘက်ကော်မရှင်မှ ဒုတိယဥက္ကဌ ဖန်ချန်လောင်က အာကာသယာဉ်မှူးနှစ်ဦးဖြစ်သော ကျင်ဟေဖုန် နှင့် ချန်သုန်တို့ နှစ်ဦးအား   တွေ့ဆုံအားပေး ခဲ့သည်ဟုလည်း သိရသည်။

အာကာသယာဉ်မှူး ကျင်ဟေဖုန်က ယခုမစ်ရှင်ကို ဦးဆောင်ကြီးကြပ်သွားမည်ဖြစ်ပြီး ၎င်း၏ အသက် ၅၀ ပြည့်မွေးနေ့ကိုလည်း အာကာသထဲရှိ ဂြိုဟ်ပတ်လမ်းတွင် ကျင်းပသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း တရုတ်တို့အနေဖြင့် လူလိုက်ပါသွားသော အာကာသယာဉ်လွှတ်တင်ခဲ့ပြီး အာကာသယာဉ်မှူးသုံးဦးမှာ ဂြိုဟ်ပတ်လမ်းတွင် ၁၅ ရက်နေထိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required