MLM တွေရဲ့ ကုန်ပစ္စည်းအတွက် မဲဆွယ်မှုက လိမ်လည်မှု မြောက်လား စီးပွားရေး ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင် နဲ့ တွေ့ဆုံခြင်း

16 October 2016
MLM တွေရဲ့ ကုန်ပစ္စည်းအတွက် မဲဆွယ်မှုက လိမ်လည်မှု မြောက်လား စီးပွားရေး ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင် နဲ့ တွေ့ဆုံခြင်း

အခုတစ်ပတ် 7 minutes အစီအစဉ်ကို တင်ဆက်ပေးဖို့အချိန် ကျရောက်လို့လာပါပြီ။ အခုတင်ပြပေးမယ့် အကြောင်းအရာကတော့ လက်ရှိ မြန်မာနိုင်ငံမှာ လူအများ စိတ်ဝင်စားနေကြပြီး သတင်းမီဒီယာတွေမှာ အသားပေး ဖော်ပြနေကြတဲ့ Multi Level, Multi Marketing ဆင့်ပွား ဈေးနှုန်းနဲ့ ပတ်သက်ပြီး စီးပွားရေး ဥပဒေ ပညာရှင်ဖြစ်သူ ဦးမင်းတေဇညွန့်တင်ကို မေးမြန်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဆင့်ပွား ဈေးကွက်စနစ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်တွေကို ဦးမင်းတေဇညွန့်တင်ဆီက ဘာတွေများ ကြားသိရမလဲကို အခုပဲ နားထောင်ကြည့်ရအောင်လားရှင်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါရှင့်။ အရင်ဦးဆုံး အခုလတ်တလော လူပြောများနေတဲ့ Multi Level Marketing ဆင့်ပွား အရောင်းပေါ့နော် အဲဒီဟာက အခုလက်ရှိမှာ မဟုတ်ဘဲနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သူတို့ဘက်ကနေပြီးတော့ သိသူဖော်စား၊ မသိသူကျော်သွားဆိုတဲ့ပုံစံမျိုးနဲ့ ဈေးကွက်ထဲမှာ ရောင်းချနေတာကိုတော့ သိခဲ့ရတယ်ရှင့်။ အခု လက်ရှိအခြေအနေမှာရော ဘယ်လိုအခြေအနေမျိုး ရှိလဲ။ အဲဒီအပေါ် ဦးမင်းတေဇ ဘယ်လိုမျိုးမြင်လဲ။ အရင်ဦးဆုံး ပြောပြပေးပါ။

ဦးမင်းတေဇညွှန့် ။  ။ ခုနပြောသလိုပေါ့ လွန်ခဲ့တဲ့ ၁၀ နှစ် ပတ်ဝန်းကျင်လောက်ကတည်းကတော့ Multi Level Marketing ခုနကပြောတဲ့ ဆင့်ပွားဈေးကွက် ရှာဖွေတဲ့စနစ်ကတော့ မြန်မာပြည်မှာ ရောက်နေတာပေါ့။ သို့သော် ကျွန်တော်ထင်တယ် အဲဒီကာလတုန်းကတော့ အခုလောက် အားမကောင်းသေးဘူးပေါ့။ ထိုနည်းတူစွာ အခုလောက် အချိန်ကာလ စခါစဖြစ်တဲ့အတွက် ထိခိုက်တဲ့လူဦးရေကလည်း အခုလောက် မများသေးဘူးပေါ့။ နှစ်ကြာလာတဲ့အခါ ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းလာတဲ့အခါကျတော့ ပြည်သူတွေက မျက်စိတွေ နားတွေ ပွင့်လာကြတယ်။ အစုအဖွဲ့တွေလည်း ရှိတယ်။ ထိုနည်းတူစွာ ထိခိုက် နစ်နာတဲ့ အစုအဖွဲ့တွေကလည်း အင်အားများလာတဲ့အခါကျတော့ အခုလိုမျိုး မြန်မာပြည်ရဲ့ ပတ်ဝန်းကျင်လောကမှာ ပွက်လောတွေ ညံကုန်ကြတာပေါ့။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ရှင့်။ ဒီ ဆင့်ပွားအရောင်းဈေးကွက်က သူက တရားဥပဒေ စိုးမိုးမှုနည်းတဲ့နိုင်ငံတွေ ပြီးတော့ ဖွဲ့ဖြိုးစနိုင်ငံတွေကို ဦးတည်တဲ့ ဈေးကွက်မျိုးလားရှင့်။

ဦးမင်းတေဇညွှန့် ။  ။ တရားဥပဒေ စိုးမိုးမှု နည်းတဲ့နိုင်ငံလို့တော့ ပြောလို့မရဘူးဗျ။ တရားဥပဒေက ခေတ်ရဲ့ ရေစီးကြောင်းနဲ့အညီ မဖြစ်သေးတဲ့ နိုင်ငံမျိုးတွေပေါ့။ တရားဥပဒေ စိုးမိုးမှု အားနည်းတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ တရားဥပဒေတော့ရှိတယ်။ လုပ်ငန်းရဲ့ Tran ပေါ့နော်။ Multi Level Marketing ရဲ့ Tran အပေါ်မှာ ခွင့်ပြုခြင်းတို့ ကာကွယ်ခြင်းတို့ အရေးယူခြင်းတို့အပေါ်မှာ ခေတ်နဲ့ဆီလျော်တဲ့ လျော်ညီတဲ့ ဥပဒေ မရှိသေးတဲ့ နိုင်ငံမျိုးမှာတော့ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ရှင့်။ အစောပိုင်း မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ တရားဥပဒေနဲ့ ညီညွတ်ဖို့ လိုတယ်ဆိုတာလေးများ ပြောဖူးလားလို့။ နောက်ပိုင်း ဆက်ပြီးတော့ Multi Level နဲ့ ပတ်သက်ပြီးတော့ ဦးမင်းတေဇ လေ့လာနေတာ ကျွန်မတို့ တွေ့ရတယ်။ အဲဒီလေ့လာချက်အရရော ဘာများ ပြောင်းလဲမှုရှိလဲရှင့်။

ဦးမင်းတေဇညွှန့် ။  ။ ကျွန်တော်ကတော့ အရင် ရှေ့ပိုင်းမှာတော့ မီဒီယာတချို့နဲ့ တွေ့တဲ့အခါမှာတော့ တရားဥပဒေက သူတို့ရဲ့လုပ်ငန်းကို ကျွန်တော်တို့က ထိန်းကျောင်း ကြီးကြပ်ကွပ်ကဲဖို့အတွက် ဥပဒေအရ မရှိဘူးပေါ့။ သို့သော် ကုမ္ပဏီမှတ်ပုံတင်များ ဥပဒေအရတော့ ပြဌာန်းချက်တွေအညီ သူတို့လိုက်နာဖို့ ကိစ္စတွေ ရှိတာပေါ့။ ထိုနည်းတူစွာ သက်ဆိုင်ရာ သွင်းကုန်နဲ့ သက်ဆိုင်တဲ့ ပြဌာန်းချက်တွေ နောက် အခွန်အရပ်ရပ်ပေါ့နော် ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် စတဲ့ အခွန်အရပ်ရပ်နဲ့ သက်ဆိုင်တဲ့ ပြဌာန်းချက်တွေကို ကျွန်တော်တို့ လိုက်နာဖို့တော့ ရှိတာပေ့ါ။ အဲတော့ ပြည့်ပြည့်ဝဝ တိတိကျကျ လိုက်နာ မလိုက်နာဖို့ဆိုတာကတော့ ကျွန်တော်တို့က သက်ဆိုင်ရာ ဌာနပေါ့နော် အစိုးရ ဌာနတွေကပဲ စိစစ် အရေးယူဆောင်ရွက်ရမှာပါ။ စိစစ်မယ်။ အရေးယူသင့်ရင် အရေးယူမယ်။ အရေးယူ မသင့်ရင်တော့ သူတို့ ဘယ်လိုမျိုး ဥပဒေနဲ့အညီ လုပ်ခွင့်ပေးမှာလား လုပ်ခွင့်မပေးဘူးလားဆိုတာကတော့ သက်ဆိုင်ရာ အစိုးရနဲ့ အစိုးရဌာနတွေရဲ့ ကိစ္စရပ် ဖြစ်သွားပြီပေါ့။

မဇ္ဈိမ ။  ။ ဟုတ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ့မှုကော်မရှင် ဒီ MIC အနေနဲ့ရော ခွင့်ပြုတဲ့ပုံစံရှိလား။ ဘယ်လိုစီးပွားရေး အနေနဲ့ ခွင့်ပြုထားလဲရှင့်။

ဦးမင်းတေဇညွှန့် ။  ။ အခု သူတို့ကို ကျွန်တော် လေ့လာတွေ့ရှိချက်အရ ဒီ အဖွဲ့အစည်းတစ်ခုဆိုလို့ရှိရင် ကျွန်တော် အဖွဲ့အစည်းတစ်ခုကို အဓိကထားပြီး လေ့လာတာပေါ့နော်။ အဲဒီအဖွဲ့အစည်းကလည်း အခု လူပြောများနေတဲ့ အဖွဲ့အစည်း ဖြစ်နေတာကို။ အဲဒီအဖွဲ့အစည်းက မြန်မာနိုင်ငံ ကုမ္ပဏီများအဖွဲ့ အက်ဥပဒေအရ Foreign (နိုင်ငံခြား)ကုမ္ပဏီက သူက နိုင်ငံခြားသားနှစ်ယောက်နဲ့ တည်ထောင်ထားတာရှိတယ်။ မြန်မာကုမ္ပဏီအနေနဲ့ တည်ထောင်ထားတာ ရှိတာပေါ့။ အဲဒီနှစ်ခုပေါ့။ အဲတော့ နေရပ်လိပ်စာ တူညီနေတယ်ဆိုတာကို ကျွန်တော်တို့ စိစစ် တွေ့ရှိရတယ်။ အဲဒီအခါကျတော့ သူတို့နှစ်ခုရဲ့ ဆက်စပ်မှုကတော့ ရှိမယ်လို့ ကျွန်တော် ယူဆတယ်။ အဲတော့ ခုနကပြောသလို MIC ပေါ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေပြီးတော့ သူတို့ကို ခွင့်ပြုမိန့် ချပေးပြီးတော့ လုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားတာမဟုတ်ဘူး။ သူတို့က ကုမ္ပဏီများ မှတ်ပုံတင် ရင်းနှီးမြှုပ်နှံ့မှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ဦးစီးဌာနရဲ့ အောက်မှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ မြန်မာကုမ္ပဏီတွေနဲ့ ပေးရန်တာဝန်တွေကို ကန့်သတ်ထားတဲ့ ကုမ္ပဏီတွေဖြစ်တယ်။ အဲတော့ ကျိန်းသေတာသည် သူတို့သည် MIC ကုမ္ပဏီတွေ မဟုတ်ဘူး။ သူတို့သည် ယေဘုယျ အများသိတဲ့ ရင်းနှီးမြှုပ်နှံ့မှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာနရဲ့ အောက်မှာ မှတ်ပုံတင်ထားတဲ့ သာမာန်ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ ပြီးတော့ FDA က သူတို့ကို ခွင့်ပြုတာက ဓာတ်ဆာအနေနဲ့ပဲ ခွင့်ပြုတာရှိတယ်လို့ ပြောတယ်ဆိုတော့ အဲဒါက တကယ်ရော ဟုတ်လားရှင့်။

ဦးမင်းတေဇညွှန့် ။  ။  အဲဒါက ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့အနေနဲ့ အဲဒီစာရွက်စာတမ်းတွေကို စိစစ်ဖို့ရာ အခက်အခဲရှိတယ်။ စိစစ်လို့လည်း မရဘူး။ အဲတော့ ဖြစ်နိုင်ချေ ရှိတာကတော့ သူတို့က ပစ္စည်းတစ်ခုကို FDA မှာ စိစစ်ဖို့တို့ ဘာတို့ ညာတို့အတွက်ကို သူတို့က အင်ပို့ ဝကွန်မန်ဒေးရှင်း ဆိုတာ အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးအဖွဲ့က ပေးလေ့ပေးထရှိတယ်။ သူက တင်ပြီးတော့ သက်ဆိုင်ရာ အခွန်ငွေအတွက်ရော အစိုးရကို ပေးသွင်းစရာရှိတဲ့ ငွေပေးသွင်းပြီးတော့ တောင်းဆိုတာပေါ့ တင်ပြတောင်းခံရတယ်။ အဲဒါကို FDA က ပေးလေ့ပေးထရှိတယ်။ FDA ပေးတာသည် ဓာတ်ဆာအနေနဲ့ ပေးရင်တော့ FDA ကို သူက ရောင်းချဖို့အတွက် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ဖို့အတွက် ပေးရင် ဓာတ်ဆာအနေနဲ့ဆိုရင်တော့ လွယ်တယ်။ ဆေးဝါးဆိုရင်တော့ ခက်ခဲတယ်။ အစားအသောက်ဆိုရင်တော့ လွယ်တာပေါ့။ ဆေးဝါးဆိုရင်တော့ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ စိစစ်ထားတဲ့ Result တွေအကုန်လုံးကို သူက ကြည့်ရ စစ်ရတာကို။ အဲတော့ ဖြစ်နိုင်ချေများတာကတော့ အစားအသောက်။ ဒါကြောင့်မို့လည်း ကျွန်တော်ထင်ပါတယ်။ အဲဒီခေါင်းစဉ်နှစ်ခုအောက်ကပဲ သူတို့ တင်သွင်းထားတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဘယ်နည်းနဲ့မဆို တင်သွင်းထားတာလဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါကြောင့်မို့ သူတို့က ဆေးဝါးလို့ မသုံးနှုန်းပဲနဲ့ ဓာတ်စာလို့ သုံးနှုန်းတာဖြစ်တယ်။ အဲတော့ ဘယ်ဆေးဝါးပဲဖြစ်ဖြစ် ဓာတ်စာပဲဖြစ်ဖြစ် အစားအစာ ဖြည့်စွက်တဲ့ အစားအစာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ FDA ဥပဒေရှိတယ်။ နိုင်ငံခြားကနေ တင်သွင်းလာတဲ့ FDA ဥပဒေအရ သူတို့က မှတ်ပုံတင်ရမယ်။ နောက်ဆိုရင် မကြာခင်အတောတွင်းမှာ အလှကုန်တွေဆိုလို့ရှိရင်လည်း သူက မဖြစ်မနေ မှတ်ပုံတင်ရမယ့် အနေအထား ရှိတယ်လေ။ ပြည်သူတွေရဲ့ ကျန်းမာရေး လူမှုရေး အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ FDA မှာ ခုနကပြောတဲ့ အလှကုန်တို့ ဆေးဝါးတို့ အစားအစာတို့ ဖြည့်စွက်အစားအစာတို့ မဖြစ်မနေ မှတ်ပုံတင်ရမယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ရှင်။ ခုနက အခွန်ဆိုတာလည်း ပြောသွားတယ်ဆိုတော့လေ ဒါတွေက နိုင်ငံရဲ့အခွန်ကို တကယ် ထိခိုက်နေပြီလို့ မြင်လား။ ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင်ရော ဘယ်လိုမျိုး လမ်းကြောင်းမျိုးကနေပြီးတော့ .........

ဦးမင်းတေဇညွှန့် ။  ။ အဲဒါကတော့ ကျိန်းသေတယ်ဗျ ကျွန်တော်ထင်တယ် ၇၀ ရာခိုင်နှုန်းကတော့ ထိခိုက်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကတော့ ကျွန်တော်တို့က ဝေဖန်ပိုင်းခြား သုံးသပ်တဲ့ သူဆိုတော့လေ ကျွန်တော်တို့မှာ တထစ်ချပြောဖို့ အခွင်အာဏာ မရှဘူးပေါ့။ အဲတော့ ကျွန်တော်ရဲ့ အတွေ့အကြုံအရ ကျွန်တော်ရဲ့ စိစစ်ချက်အရကတော့ ရှိဖို့များတယ်။ အဲဒါကတော့ သက်ဆိုင်ရာ ပြည်တွင်းခွန် ဦးစီးဌာန ကုမ္ပဏီများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီများ ကုမ္ပဏီဆိုင်ကယ် အခွန်ဦးစားဌာနတွေကနေပြီးတော့ ဒီကိစ္စကို အရေးယူ ဆောင်ရွက်ရမှာပေါ့။ အဲဒါက မပြည့်စုံရင်တော့ သူတို့ ထောင်ဒဏ်တွေရှိမယ်။ ငွေဒဏ်တွေရှိမယ်။ အဲဒါမျိုးတွေ ရှိမှာပေါ့။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ ထပ်မေးချင်တာကလေ ဒါက စီးပွားရေးလား လိမ်နေတယ်လို့ ပြောလို့ရလား။ ဒီအပေါ်မှာရော ဘာများပြောချင်လဲ။

ဦးမင်းတေဇညွှန့် ။  ။ အဲဒီအကြောင်းအရာက နှစ်ခုရှိတယ်ဗျ။ ရိုးရှင်းစွာ ပြောရမယ်ဆိုရင်တော့ စီးပွားရေးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်က ပြန်တွေးမယ်ဆိုလို့ရှိရင် ချည်းကပ်ပုံ အကြောင်းအရာပေါ့။ ချည်းကပ်ပုံ အကြောင်းချင်းရာဆိုတဲ့နေရာမှာ လူတစ်ယောက်ကို ကျွန်တော်က ဓာတ်စာတစ်ခု သွားရောင်းမယ်။ ကင်ဆာဖြစ်နေတဲ့သူတစ်ယောက်ဖြစ်မယ်။ ဒါသောက်လိုက်ရင် ပျောက်သွားမယ်ဆိုရင် ဒါက လိမ်တာဖြစ်သွားပြီ။ သောက်တဲ့သူသည် ကင်ဆာ ဖြစ်နေတဲ့သူသည် သူ့မှာ ရှင်သန်ဖို့အတွက် ရရာကို သူဆွဲမှာပဲ။ အဲဒီအချိန်မှာ ဒါသောက်ရင် ပျောက်မယ်လို့ဆိုပြီး ပြောတဲ့အတွက် မပျောက်ခဲ့ရင်တော့ ဒါက လိမ်တာပဲ။ ထိုနည်းတူစွာ ဒီအဖွဲ့ကိုဝင်လို့ ဘယ်နှနှစ်ကြာရင် ဝင်ငွေတွေ ဘယ်လောက်တိုးမယ် ဘယ်နှလကြာရင်တော့ မင်းက သူဌေးကြီးဖြစ်သွားမယ် အဲလိုမျိုး မဖြစ်နိုင်တဲ့ ဟိုဘက်မှာ ဖြစ်နိုင်ချေနည်းပါးတဲ့ အကြောင်းအရာတွေနဲ့ ဖျားယောင်းသွေးဆောင်ပြီးတော့ ပြောမယ်ဆိုရင်လည်း ဒါ လိမ်တယ်လို့ ယူဆလို့ရတာပေါ့။ ဒါကတော့ အဲဒီအကြောင်းချင်းရာတွေ လိမ်ချင်းမလိမ်ချင်းဆိုတာက တကယ်လို့ အရေးယူတဲ့ နစ်နာတဲ့သူတွေက တရားဆွဲလို့ တရားခွင်ရောက်တဲ့အခါကျရင်တော့ ပေါ်ပေါက်မှာပေါ့လေ။ အခု လတ်တလောကတော့ အကြောင်းချင်းရာ နှစ်ခုဖြစ်တဲ့ လိမ်တယ်လို့လည်း ပြောလို့ရသလို စီးပွားရေးအရလို့လည်း ပြောလို့ရတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ချည်းကပ်မယ် ဒါသောက်ရင် ပျောက်မယ်မဟုတ်ဘဲ ဒါသောက်ကြည့်ပါ သက်သာမယ်ဆိုရင်တော့ ဒါ လိမ်တယ်လို့ ပြောလို့မရဘူးပေါ။ ပျောက်မယ်လို့ ပြောပြီဆိုရင်တော့ လိမ်ရာရောက်ပြီပေါ့။ အဲလိုမျိုးပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags