မထသ ယာဉ်လိုင်းတွေထဲမှာ စည်းကမ်း အပျက်ဆုံး ၃၃၃

မထသ ယာဉ်လိုင်းတွေထဲမှာ စည်းကမ်း အပျက်ဆုံး ၃၃၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်မှာ နေတဲ့ မနွေဦးခိုင် ရေးလိုက်တဲ့ စာတစ်စောင် ကို မဇ္ဈိမ စာဖတ်သူ ကဏ္ဍ က လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာ ရေးသားထားတာကတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲ နေတဲ့ မထသ ယာဉ်လိုင်းတွေထဲက စည်းကမ်း အပျက်ဆုံးဖြစ်နေတဲ့ ၃၃၃ ယာဉ်လိုင်းအကြောင်းဖြစ်ပြီး တာဝန်ရှိ သူတွေ သိစေချင်လို့ ရေးခဲ့တာပါလို့ ပြောပါတယ်။

သူဟာ ဘွဲ့ရပြီးတဲ့နောက် ပုဇွန်တောင်မြို့နယ်မှာ ဖွင့်လှစ်ထား တဲ့ ကုမ္ပဏီတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေ သူတစ်ဦးဖြစ်တယ် လို့ရေးပါတယ်။

တနင်္ဂနွေ အားရက်ကလွဲလို့ သူနေတဲ့ ရန်ကင်း စက်မှု ၁ မှတ်တိုင်ကနေ ပုဇွန်တောင်ဈေး မှတ်တိုင်ကို နေ့စဉ် အသွား အပြန်စီး ရပြီး ၃၃၃ ယာဉ်လိုင်း တစ်မျိုးသာ တိုက်ရိုက်ရောက်ပါတယ်။ ဒါပေမယ့် ဒီလိုစီးရတာဟာ တစ်ခါတစ်ရံမှဖြစ်ပြီး ရုံးအလာ စက်မှု ၁ ကနေစီးလာတဲ့ ကားဟာ ပုဇွန်တောင်ဘက်ကို ဆက်မသွားဘဲအေဘီစီ မှာ ဂိတ်ဆုံးပြီဆိုပြီး အတင်းဆင်းခိုင်း တာကြောင့်နောက် လိုင်းကား တစ်စီးစီးကို ပြောင်းပြီး စီးရတယ်လို့ ဆိုပါ တယ်။

ညနေ အပြန်မှာတော့ ပုဇွန်တောင်ဈေးမှတ်တိုင်က စီးတဲ့ ၃၃၃ ယာဉ်ဟာ တာမွေဗလီအထိပဲ ခေါ်ပြီး မှတ်တိုင်ရောက်ရင် ဆက်မ သွားတော့ဘူးဆိုပြီး ခရီးသည်တွေကို ဆင်းခိုင်းပါတယ်။ အစတုန်းကတော့ သူလည်း မသိလို့ ဆင်းပြီး ကားပြောင်းစီးခဲ့ပေမယ့် သိသွားတဲ့အခါမှာ ကားပေါ်က မဆင်းဘဲ စက်မှု ၁ အထိ ရောက်တယ် မလားလို့ ပြောပြီး မဆင်းဘဲ ကားပေါ်မှာ ထိုင်နေလိုက် တယ်လို့ ပြောပါတယ်။

တကယ်လည်း စက်မှု ၁ မှတ်တိုင်ကို ရောက်ပါတယ်။ သူတို့က ဗလီမှတ်တိုင်အထိ လူတွေကို ဘာလို့ ခေါ်သလဲဆိုတော့ စက်မှု ၁ မှတ်တိုင် ရောက်ရင် ဆီဒိုးနားဟိုတယ်နားက အသစ်ဆောက်နေ တဲ့ ဗီယက်နမ် ဟိုတယ် ဆောက်လုပ်ရေး အလုပ်သမားတွေ ကညနေအလုပ်ပြီးလို့ လှိုင်သာယာပြန် ကြတာကို တင်ရင် တစ်ယောက် ၅၀၀ ကျပ် တောင်းလို့ ရတာကြောင့် ၂၀၀ တန် ၃၀၀ တန်သာ ပေးမယ့်သူတွေကို မတင်တော့ တာဖြစ်တယ်လို့ ပြောပါတယ်။

ကားခ တောင်းတဲ့ နေရာမှာလည်း စက်မှု ၁ ကနေ ပုဇွန်တောင်ဈေးကို ၂၀၀ ကျပ်ပဲ ပေးနေကျဖြစ်တာကို တချို့ကားတွေက အသွားရော အပြန်ပါ ၃၀၀ တောင်းကြပါတယ်။ ကားပေါ်မှာ လူမိုက်ရုပ်တွေနဲ့ ကြမ်းတမ်းတဲ့ စကားတွေ ပြောနေတဲ့ သူတို့ကို ကြည့်ပြီး ကြောက်တာ မဟုတ်ပေ မယ့် ဖက်ပြီး မဖြစ်ချင်တာကြောင့် ခရီးသည် တွေခမျာမှာ ပေးကြရတာပါပဲလို့ ဆိုပါတယ်။

မနက်မှာ အေဘီစီမှတ်တိုင်ရောက်ရင် မြို့ထဲကို ဆက်မသွားဘဲ တာမွေဘက်ကို ပြန်သွားတဲ့ ကားနဲ့ ညနေမှာ ဗလီထိပ်နဲ့ဈေးကွေ့ အထိပဲ ရောက်တယ်ဆိုတဲ့ ကားတွေသာ ပြေးဆွဲနေတဲ့ ၃၃၃ ယာဉ်လိုင်း အကြောင်းကို မကြာခဏ စာရေးပေးပို့ တိုင်ကြား ခဲ့ပေ မယ့် ထူးခြားလာမှု မရှိဘဲ တစ်နေ့တစ်ခြား စည်းကမ်းမရှိဘဲ ထင်သလို ပြေးဆွဲနေကြတာကို ဘယ်သူ့ကို တိုင်ကြားပြီး၊ ဘယ်သူ က အရေးယူ မှာလဲဆိုတာကို သိချင်တာကြောင့် စာရေးတာပါလို့ ပြောပါတယ်။

ယာဉ်ကြောကျပ်တာကို ရန်ကုန်မြို့မှာနေတဲ့ ခရီးသွားပြည်သူတိုင်း သိလို့ စာနာ နားလည်ကြ သလို ခရီးသွားပြည်သူတွေမှာ ကားတွေ မလာလို့ ကားစီးရတာ အဆင်မပြေ ဖြစ်ကြရတာကိုလည်း ယာဉ်လိုင်းက စပယ်ယာနဲ့ ဒရိုင်ဘာတွေအနေနဲ့ စာနာ နားလည်စေချင်ပါတယ်။ စီးပွားရေးလုပ်နေလို့ ငွေဝင်မှ ဖြစ်မယ်ဆိုတာ သိပေမယ့် တရားမျှတမှုနဲ့ စီးပွားရှာမှုမျိုးသာ ဖြစ်စေချင်လို့ မထသ ယာဉ် လိုင်း တွေထဲက လောဘဇော တက်နေ တဲ့ စည်းကမ်း အပျက်ဆုံး ၃၃၃ ယာဉ်လိုင်းကို စီးကြတဲ့ ခရီးသည်တွေ ကိုယ်စား တာဝန်ရှိသူတွေ သိအောင် စာရေးပေးပို့ခဲ့ပါတယ်လို့ ဆိုလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags